Tuesday, October 23, 2012

နန်းခင်ဇေယျာပြန်လာပြီ

အားလုံးကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ပါတယ်လို့ ညီမပြောပါရစေ။ အားလုံးရဲ့ပံ့ပိုးကူညီမှုနဲ့ ညီမမျှော်လင့်ထားတဲ့ ဆုနှစ်ဆုကို ယူခဲ့နိုင်ပါပြီ။ ညီမနဲ့ထပ်တူအားလုံးပျော်ကြမယ်လို့လည်း ညီမယုံကြည်ပါတယ်။ ပြိုင်ဖက်တွေကြားမှာ၊ ဒိုင်တွေကြားမှာ၊ နိုင်ငံတကာမှာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံကို အံ့သြသွားရအောင်၊ အသိအမှတ်ပြုသွားရအောင် အတိုင်းအတာတစ်ခုအထိတော့ ညီမတို့လုပ်ပြနိုင်ခဲ့တယ်လို့ ညီမယုံကြည်ပါတယ်။ ညီမရဲ့ရှေ့ဆက်လှမ်းရမယ့် နေ့တွေမှာလည်း ညီမကိုအားပေးကူညီခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ စေတနာတွေ၊ မေတ္တာတွေကို မမေ့ဘဲ၊ အကောင်းဆုံး ဖြစ်အောင် ညီမလျှောက်လှမ်းသွားပါ့မယ်။ ညီမ တတ်နိုင်တဲ့အပိုင်းကနေ မြန်မာလူမျိုးနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာက အသိအမှတ်ပြုအောင် အမြဲတမ်းကြိုးစားသွားပါ့မယ်လို့
ဒီနေရာကနေ အားလုံးကို ညီမကတိပေးလိုက်ပါတယ်။ ညီမချစ်တဲ့ မြန်မာနိုင်ငံသားအားလုံး အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ချစ်ခြင်းများစွာနဲ့

နန်းခင်ဇေယျာ

အပြုံးတွေနဲ့သာ ပြန်လာခဲ့ ညီမလေး

ကြည့်စမ်း .. ဒီညကောင်းကင်ဟာ တကယ်ပဲ လင်းလက်ခဲ့သလို
ဒီည လေပြည်ဟာ တကယ်ပဲမွှေးပျံ့နေခဲ့သလို
ချမ်းမြေ့ကြည်စိမ့်သော ချစ်ခြင်းမေတ္တာအစွမ်းနဲ့
ညီမလေး . . .မင်း အတောက်ပဆုံး လင်းဖြာနေခဲ့ ။

စိတ်မကောင်းမဖြစ်နဲ့ ညီမလေး . .
ဒါဟာ အင်အားကြီးနိုင်ငံတွေ အပြိုင်နွှဲတဲ့ပွဲ
ပါဝါချင်းလည်းပြိုင် မာနခြင်းလည်းပြိုင်
ငါတို့ မသိနိုင်တဲ့အကြောင်းအရာတွေအများကြီး
မြေပုံထဲက လက်သည်းခွံတစ်ခုစာ ငါတို့ မြေမှာ
ငါတို့ မြန်မာတွေအချင်းချင်း ညီအကိုမောင်နှမတွေအချင်းချင်း
တကယ့်စည်းလုံးခြင်းကိုသာ ငါတို့ လိုတယ် ။

ညီမလေးရေ ...
ငါတို့ မှာ မြန်နှုန်းမြင့် အင်တာနက်လိုင်းတွေမရှိဘူး
ဒါပေမယ့် ညီမလေးကို ငါတို့အားလုံးချစ်တယ်
ငါတို့မှာ အဖိုးတန်လွန်းတဲ့အချိန်ပိုတွေမရှိဘူး
ဒါပေမယ့် ညီမလေးကိုငါတို့အားလုံးချစ်တယ်
ငါတို့မှာ ပြီးပြည့်စုံတဲ့ နည်းပညာသစ်တွေမရှိဘူး
ဒါပေမယ့် ညီမလေးကို ငါတို့အားလုံးချစ်တယ်
ဒီလိုနဲ့ . . .။

သူတို့ပေးတဲ့ဆုကို မင်းမရခဲ့ပေမယ့်
ငါတို့အားလုံးပေးတဲ့ ဆုတွေအကုန်လုံးမင်းရခဲ့တယ်
ငါတို့ တိုင်းပြည်က ငါတို့ချစ်တဲ့ ညီမလေး ငါတို့ ရဲ့ အလှမယ်
ဝင့်ထည်မှုနဲ့ ကမ္ဘာမှာ ပြိုင်စံရှား
ပြည်သူပြည်သားတွေကလည်း တစ်သွေးတစ်သား
များပြားလှတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့
မင်းတစ်ယောက် . . . တောက်ပလာခဲ့ရ ။

ညီမလေးရေ . .
ရှေ့ရေးကိုလည်းတွေး ငါတို့ စိုးရိမ်မှုတွေအများကြီးထဲ
ပေါ့ပျက်ပျက် မော်ဒယ် တွေလို ဖြစ်သွားမှာ
ပေါ့ပျက်ပျက် အတွေးအခေါ်တွေဝင်သွားမှာ
ပေါ့ပျက်ပျက် အောင်မြင်မှုတွေနောက်လိုက်သွားမှာ
ပေါ့ပျက်ပျက် အသုံးချခံရခြင်းတွေရဲ့နောက်စတေးခံရမှာ
ခက်တယ်ညီမလေး . . ခေတ်နဲ့စနစ်ဟာလည်း ကျွန်းကိုင်းမှီကိုင်းကျွန်းမှီ
မင်းကိုတော့ ငါယုံကြည်ပါတယ် ညီမလေးရေ ။

ထားခဲ့စမ်းပါကွယ် . . . မင်းရဲ့ စိတ်ဖိစီးမှုတွေအားလုံး
မင်းပြန်လာမယ့် အောင်ပန်းဆင်မယ့်လမ်းမှာ
ငါတို့ လက်ခုပ်သံတွေနဲ့ကြို
မင်းတစ်ယောက် . . ဘယ်တော့မှ မငိုစေရပါဘူး
တကယ်ထူးတဲ့ နှမငယ်တစ်ယောက်မို့
တို့တွေအားလုံးကြိုးပမ်း . . မင်းအောင်မြင်တဲ့လမ်းကိုရောက်ခဲ့ပြီ ။

ညီမလေးရေ . . .
အမှားနဲ့အမှန်ကိုခွဲခြား ၊ အကျိုးနဲ့အကြောင်းကိုသုံးသပ်
ဘ၀ရဲ့ အဖိုးတန် ရက်မြတ်တွေမှာ
မိဘကို ဦးထိပ်ပန်ဆင် ၊ ရှင်သန်ရာ နေ့သစ်တိုင်းမှာ
သင်းကြိုင်တဲ့ ရနံ့သစ်တွေနဲ့
လောကနီတိကို မြတ်နိုး . . . မရိုးနိုင်တဲ့ ဂါရ၀ကို ထား
မင်းတစ်ယောက် ပြည်သူတွေနဲ့တစ်သားတည်းဖြစ်ပါစေ . . ။

မင်းနဲ့ မြန်မာ ဆိုတာ . .
ငါတို့ အတူအိပ်မက်ခဲ့ကြတဲ့ ရက်သတ္တပတ်တာကာလအတွင်း
ဝင်းပပ မွှေးမြ လို့
သွေးက စကားပြောတာ ညီမလေး
အမြတ်တကာ့အမြတ်ဆုံးထဲ . . တဖွဲဖွဲ ကျနေတဲ့ဆီးနှင်းသံတွေကြား
ငါတို့ စိတ်ဓါတ်တွေဓါးသွားပမာ ထက်မြနေခဲ့ရ
ငါတို့ စိတ်ဓါတ်တွေ ကျောက်ဆိုင်ပမာ မာကြောစည်းလုံးနေခဲ့ရ
ဒါပါပဲ ညီမလေးရယ် . .
ဥာဉ့်ယံမှာ မွှေးကြူတဲ့ စံပါယ်ဖြူတွေလို . .
မင်း ထာဝရ . . .ဖွေးဖွေးဖြူနေပါစေ ကွယ် ။

သက်တန့်ချို
21st Oct 2012

No comments:

Post a Comment