Sunday, August 12, 2012

အမျိုးပျောက်မှာ စိုးကြောက်ပါလှသည် ရခိုင်ပြည်



အမျိုးပျောက်မှာ စိုးကြောက်ပါလှသည် ရခိုင်ပြည်

Written by (လ.ဝ.က အရာရှိ ဟောင်းတစ်ဦး)

ဆောင်းပါးကို မရေးသားမီ ကြိုတင်ဝန်ခံလိုပါသည်။ မိမိအနေဖြင့် မိမိကိုယ်ကိုယ် တတ်လှပြီသိလှပြီ ဟူ၍ရေးသားခြင်းမဟုတ်ပါ။ မိမိကျင်လည်ခဲ့ရသည့် အတွေ့အကြုံများ၊ လဝက ဆိုင်ရာ ဥပဒေများနှင့် သမိုင်းရေးရာဖြစ်စဉ်များအပေါ် အခြေခံ၍ မိမိသိရှိသမျှကို ဗဟုသုတအနေဖြင့် မျှဝေပေးခြင်းသာ ဖြစ်ပါသည်။ မိမိထက်အတွေ့အကြုံများ၍ သိရှိနားလည်သူများအနေ ဖြင့် ဖြည့်စွက်နားလည် သဘောပေါက်ပေးကြပါရန်နှင့် ဖြည့်စွက်ရေးသားကြပါရန် မေတ္တာရပ်ခံလိုပါသည်။
ဤဆောင်းပါးရေးသားရခြင်းမှာလည်း လွန်ခဲ့သော ရက်သတ္တ တစ်ပတ်မတွေ့ရသည်မှာကြာပြီဖြစ်သော မိတ်ဆွေဟောင်းတစ်ဦး မိမိအိမ်သို့အလည်ရောက်ခိုက် ရခိုင်ပြည်နယ်မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီလူမျိုးများနှင့် ရခိုင်လူမျိုး တို့၏ ပဋိပက္ခ၊ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုကို အကြောင်းပြု ဆွေးနွေး ပြောကြရာမှ ဆောင်းပါးရေးရန် မိတ်ဆွေ၏ အကြံပြုချက်အရ ရေး သားခဲ့ခြင်းဖြစ်ပါသည်။

မိတ်ဆွေ - ခင်ဗျားနဲ့ မတွေ့ရတာ ကြာပြီဗျာ။ ကျွန်တော် လည်း ဒီဘက်ရောက်တုန်း ခင်ဗျားနဲ့ တွေ့ချင် မေးချင်တာလေးများ ရှိလို့ ဝင်ခဲ့တာပါ။ ခင်ဗျား အချိန်ရရဲ့လား။
မိမိ - ရပါတယ်ဗျာ။ ပင်စင်စားဆိုတော့ ဝန်ထမ်းဘဝတုန်းက လိုတော့ အလုပ်မများတော့ပါဘူး။ ခင်ဗျားလာလည်တာပဲ ကျွန်တော် က ဝမ်းသာရမှာပါ။
မိတ်ဆွေ - တခြားတော့မဟုတ်ဘူးဗျ။ အခုတလော အများ စိတ်ဝင်စားနေတဲ့ ဘူးသီးတောင် မောင်တောဘက် ဆူပူအကြမ်းဖက် မှုတွေနဲ့ ပတ်သက်လို့ ခင်ဗျားကိုယ်တိုင် မောင်တောဘက်မှာ သုံးနှစ် ကျော် တာဝန် ထမ်းဆောင်ခဲ့တယ်လို့ ကျွန်တော်သိထားတဲ့အတွက် ခင်ဗျား ထင်မြင်ချက်လေးတွေ သိချင်တယ်ဗျာ။ အဲဒီမှာ ဘင်္ဂါလီတွေ အတော်များတယ်ဆို ဟုတ်လား။
မိမိ - မှန်တာပေါ့ဗျာ ကျွန်တော်တာဝန်ထမ်းဆောင်စဉ်ကာလ ၁၉၉၂-၉၅ ခုနှစ်လောက်ကဆိုရင် မောင်တောမြို့နယ်အတွင်းမှာ ဘင်္ဂါလီလူမျိုးက ၉၅ ရာခိုင်နှုန်း လောက်ရှိပြီး ဗမာနဲ့ ရခိုင်မျိုးနွယ်စု အရေအတွက်က ၅ ရာခိုင်နှုန်းထက် မပိုဘူးလို့ သိရှိရတယ်။
မိတ်ဆွေ - ခင်ဗျားတို့က ဘယ်မှာ တာဝန် ထမ်းဆောင်ရတာ လဲ။ ဘာအတွက်လဲ။
မိမိ - ဒါကတော့ အမျိုးသားရေး ကိစ္စတစ်ရပ် ဆိုပါတော့ဗျာ။ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တွေမှာ ဘင်္ဂါလီတွေ ဝင်ရောက် အခြေချတာများလွန်းလို့ တချို့ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ တောင် ဆွမ်းကွမ်းကိစ္စ အခက်အခဲ ရှိလာလို့ တချို့ဘုန်းတော်ကြီး ကျောင်းတွေ ပြောင်းကြပြီး ရခိုင်ပြည်နယ် အတွင်းပိုင်း ရသေ့တောင်၊ စစ်တွေစတဲ့ နေရာတွေမှာ သီတင်းသုံးကြရတယ်လို့ ကြားရတယ်။ တစ်ချိန်တည်းမှာပဲ မောင်တောဘက်ကမ်းမှာနေတဲ့ ဘင်္ဂါလီတွေထဲက တချို့တွေက မောင်တောမှာနေတဲ့ ဘင်္ဂါလီတွေကို တရားမဝင်ရောက် နေတဲ့ လူတွေဖြစ်တာကြောင့် ဖမ်းဆီး ထောင်ချတော့မယ် ဆိုတဲ့ တစ်ဖက်နိုင်ငံက ထုတ်လွှင့်တဲ့ ကောလာဟလကြောင့် တစ်ဖက်နိုင်ငံ ကို ထွက်ပြေးကြတယ်။ တစ်ဖက်နိုင်ငံကလည်း ထွက်ပြေးရောက်ရှိ လာတဲ့ လူတွေကို အကြောင်းပြုပြီး ဒုက္ခသည်စခန်းတွေထား လက်ခံ၊ ဒုက္ခသည်တွေ အကြောင်းခံပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR ) က ဝန်ထမ်းတွေ ကလည်း ကြိုက်တယ်။ အဲဒါအကြောင်းပြုပြီး မြန်မာနိုင်ငံကို တရားဝင် ပြန်လည် ဝင်ရောက် လိုလျှင် ( UNHCR ) ကြီးကြပ်မှု ပါဝင်တာကြောင့် အရေးယူ မခံရတဲ့ အပြင် စားနပ်ရိက္ခာက အစ ထောက်ပံ့ကြေးပါ ရမယ်စတဲ့ ဒုက္ခသည် လက်ခံရမဲ့ ကိစ္စတွေနဲ့ တရားမဝင် ထပ်ရောက်လာမယ့် ဘင်္ဂါလီတွေကို တားဆီး ကာကွယ်ဖို့အတွက် သွားရတာပေါ့ဗျာ။
မိတ်ဆွေ - အရင်တုန်းက အဲဒါမျိုးတွေ မဖြစ်ဘူးလားဗျာ။ ခင်ဗျားတို့က ဘယ်နေရာကနေ တားဆီး ကာကွယ်တာတွေ လုပ်နေကြ တာလဲ။
မိမိ - အရင်ကလည်း ဖြစ်ခဲ့တာပေါ့ဗျာ။ ၁၉၇၈ ခုနှစ် လောက် တုန်းကလည်း အဲဒီလို ကေလာဟလတွေကြောင့် ထွက်ပြေးကြတဲ့ ဘင်္ဂါလီတွေကို စာရင်းဇယား ပြုစုတဲ့ 'နဂါးမင်း စီမံချက်' အရ စာရင်း ကောက်ယူပြီး အဲဒီလူတွေကို လည်း 'ဟင်္သာစီမံချက်' နှင့် ပြန်လည် လက်ခံခဲ့ရဖူးတယ်လေ။ အခုတစ်ကြိမ်က ကျွန်တော်တို့ သွားရတာ ဟာ မောင်တောနှင့် ၉ မိုင်အကွာမှာရှိတဲ့ ကျီးကန်းပြင် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (နစက) ရဲ့အောက်မှာ တာဝန် ထမ်းဆောင်ရပါတယ်။ သမိုင်းအရ မဟာဗန္ဓုလ ရခိုင်ကို စစ်ချီ ခဲ့စဉ်က စခန်းချခဲ့တဲ့ မောင်တောမြို့နယ် မြောက်ဖျားတောကြီး တောင်ကြီးထဲမှာရှိနေတဲ့ ဗန္ဓုလစခန်း၊ ဝေလာတောင်စခန်း၊ အောင် သပြေစခန်း၊ ငါးရံ့ချောင်းစခန်း၊ မီးတိုက်စခန်း၊ တောင်ပြိုဝဲတောင် ပြိုယာစခန်း၊ ကြိမ်ချောင်း၊ ငါးခူရစခန်း၊ ကညင်ချောင်းစခန်း၊ မောင်တော၊ မကျီးချောင်းစခန်း၊ အလယ်သံကျော်စခန်း၊ မြင်းလွတ်စ စခန်း၊ အင်းဒင်စခန်း၊ ဒုံးပိုက်စခန်း၊ အငူမော်စခန်း စသဖြင့် စခန်း ပေါင်းများစွာ ခွဲပြီးတာဝန် ထမ်းဆောင် ကြတာပေါ့။ ပြောတော့သာ မောင်တောလို့ပြောတာ တကယ်တော့ မောင်တောကနေ နတ်မြစ် အတိုင်းမြောက်ဖျားကို မော်တော်နှင့်သွားတာ ကြိမ်ချောင်းစခန်းအထိ ပဲ မော်တော်က ရောက်တယ်။ နေ့တစ်ဝက်မောင်းရတယ်။ အဲဒီကနေ ကျွန်တော်တို့ တာဝန်ကျတဲ့ ငါးရံ့ချောင်းကို ကိုယ့်ပစ္စည်းကိုယ်ထမ်း ပြီး လေးနာရီသာသာ လမ်းလျှောက် ရတယ်ဗျ။ လမ်းပန်း ဆက်သွယ်ရေး ကခက်ခဲ၊ အလုပ်အကိုင်က ပင်ပန်းပြီး ရောဂါဘယထူပြော၊ အစား အသောက်က ရှားပါးနဲ့ အဲဒီနယ်စပ်က ပထမအသုတ်က လူ ၄၀ ကျော် ငှက်ဖျားနှင့် သေခဲ့ကြတာပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း ငှက်ဖျား မိပြီး ဆေးရုံ နှစ်ကြိမ် တက်ရတယ်။ ကျွန်တော်တို့ စခန်းနားမှာ မြို လူမျိုးတွေရှိတယ်။ တောင်ပေါ်မှာ အိမ်လေးငါးအိမ်ဆောက်ပြီး တောင်ပေါ်မှာသာ နေလေ့ရှိတယ်။ ဈေးဝယ်စရာရှိမှ တောင်အောက် ဆင်းတယ်။ ကျန်တဲ့ ရွာတွေမှာတော့ ဘင်္ဂါလီတွေပဲရှိတယ်။


ဘင်္ဂါလီလူမျိုးတွေ ဘယ်တုန်းက စပြီး ရောက်လာကြသလဲ


မိတ်ဆွေ - နေပါဦးဗျ အဲဒီ ဘင်္ဂါလီလူမျိုးတွေ ဘယ်တုန်းက စပြီး အဲဒီကိုရောက်လာကြတာလဲ။

မိမိ - တိတိကျကျတော့ ပြောရခက်တယ်ဗျ။ ပြောနိုင်တာက တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ နီးပါးခန့်က စခဲ့တယ်လို့ ထင်တာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံဟာ အင်္ဂလိပ်နဲ့ စစ်သုံးကြိမ်ဖြစ် ခဲ့တယ်လေ။ ဘကြီးတော် မင်းတရား လက်ထက် ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့မှာ ပထမအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးမှာ ကျွန်တော်တို့ ရခိုင်နဲ့ တနင်္သာရီကို အင်္ဂလိပ်က သိမ်းယူသွားခဲ့တယ်။ အဲဒီအချိန် မှာ အိန္ဒိယက အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘဝ ရောက်နှင့် နေပြီလေ။ အဲဒီတုန်းက အခု ဘင်္ဂလားဒေ့ရှ် (ယခင်အရှေ့ ပါကစ္စတန်ပြည်နယ်) ကလည်း အင်္ဂလိပ်လက်အောက်က ပြည်နယ်တစ်ခုပေါ့။ အဲဒီတော့ ရခိုင်ပြည်နယ်က မောင်တောနှင့် ဘင်္ဂလားဒေ့ရှ်ရဲ့ တက္ကနပ်မြို့ ဟာ နတ်မြစ် ကသာ ပိုင်းခြားထားတာ မို့လို့ တစ်ဖက်ကမ်းကို ကျော်ဖြတ် လိုက်ရုံနဲ့ မောင်တောကို ရောက်သွားတာပေါ့။ နတ်မြစ်ကြီးဟာ ဘင်္ဂလား ပင်လယ်အော်နဲ့ နီးလို့ မြစ်ပြင်ကျယ်ကြီး ဖြစ်ပေမယ့် အထက်ကို တက်သွားလေလေ ကျဉ်းမြောင်းသွားလေလေ ဖြစ်ပြီး ခွဲထွက်သွား တဲ့ အချို့မြစ်လက်တက် နေရာတွေမှာ ကျဉ်းရုံသာမက ရေအနက်ပါ တိမ်သွားတာမို့လို့ နွေအခါမှာ ဒီအတိုင်း ဖြတ်ကူး သွားနိုင်တယ်ဗျ။ အချုပ်အခြာ အာဏာအနေနဲ့သာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်ရယ်လို့ ပြောနေကြပေမယ့် ပကတိမြေပြင်မှာတော့ ဟိုနားဒီနား ဖြစ်နေတာ ပေါ့ဗျာ။ တရုတ်ပြည်လို မဟာတံတိုင်းကြီးလည်း ကာဆီးထား တာ မဟုတ်တော့ မောင်တောရဲ့ မြောက်ဖျားမှာ နယ်နိမိတ်ဆိုတာ သာမန်လူတွေအနေနဲ့ မသိနိုင်ဘူးပေါ့။ သေချာတာကတော့ ကျွန်တော်တို့ နယ်မြေတွေမှာ ရှောင်တခင် လိုက်စစ်တဲ့အခါ တွေ့ရ တာက အသက် ၆၀ ကျော် ၇၀ ကျော် ဘင်္ဂါလီ အဘိုးကြီးတွေကတောင် သူတို့ရဲ့ ဘိုးဘွား လက်ထက် ကတည်းက ဒီမှာ ရောက်ရှိနေတာပါလို့ ပြောတယ် .... ကြာလှပြီပေါ့ဗျာ။
အဲဒီလိုအနေအထားကနေ ၁၈၉၇ ခုနှစ်မှာ အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းလိုက်ပြီးနောက် အင်္ဂလိပ်ပိုင် အိန္ဒိယပြည်နယ် တစ်နယ်အဖြစ် သတ်မှတ် လိုက်ကြ ပြန်တယ်။ မြန်မာ နိုင်ငံကို အိန္ဒိယရဲ့ ဒုတိယ ဘုရင်ခံ တစ်ဦးက အုပ်ချုပ်စေခဲ့တယ်။ အဲဒီ မှာ ပွဲပြီး သွားတာ ပေါ့ဗျာ။ ဘူးသီးတောင် ၊ မောင်တောဟာ အိန္ဒိယ လက်အောက် ရောက်သွားမှတော့ အုပ်ချုပ်သူ အိန္ဒိယဘုရင်ခံက သူ့ကျွန် အချင်းချင်း ကြိုက်သလို ပြောင်းရွှေ့နေတာ ဘာပြောတော့မှာ လဲ။ ဓညဝတီခေတ်က ရခိုင်ဘုရင်တွေ ပိုင်ခဲ့တယ်လို့ ဆိုတယ်။ မိတ်ဆွေ - ဒါထက် အဲဒီဘက်ကမ်းတွေမှာ ဒီဘက်က ရခိုင် လူမျိုးတွေလည်း ရှိတယ်လို့ ကြားရတယ် ဟုတ်သလားဗျ။

မိမိ - ဒါကတော့ သမိုင်းပညာရှင်တွေရဲ့ အလုပ်ပေါ့ဗျာ။ ကျွန်တော်ကြားခဲ့ရတာကတော့ ဓညဝတီခေတ် ရခိုင်ဘုရင်တွေ တန်ဖိုး အာဏာရှိစဉ်က ကော့ဘဇားအထိ ရခိုင်ပိုင်လို့ ဆိုတယ်ဗျ။ ရခိုင်တွေ က ကော့ဘဇားကို သူတို့ခေါ် ဖလောက်ချိတ်လို့ခေါ်တယ်ဗျ။ မောင်တောမှာ ရှိတဲ့ ရခိုင်အချို့ရဲ့ အမျိုးတွေထဲက အချို့က ယခုထက်ထိ အဲဒီမှာနေကြတဲ့ လူတွေရှိကြတယ်လို့သိရတယ်။ ကျွန်တော် မောင်တော အမှတ် (၁) ဝင်ထွက်စခန်းမှာ တာဝန်ထမ်းဆောင်စဉ်က တစ်ဖက် နိုင်ငံမှာ အခြေချ နေထိုင်နေကြတဲ့ တောင်ကုန်းဒေသလို့ ဆိုတဲ့ ကော့ဘဇား ဧရိယာမှာရှိတယ် လို့ကြားရတယ်။ အဲဒီဒေသမှာ ရှေးရခိုင် အမျိုးသား များ ကိုယ်ပိုင် အုပ်ချုပ်ရေး ပုံစံနဲ့ နေထိုင်ကြပြီး အဲဒီမှာ တည်ထားတဲ့ ဗုဒ္ဓ ဘာသာ စေတီတော်ကြီး ထီးတော်တင်ဖို့အတွက် ထီးတော်ကို မြန်မာ နိုင်ငံဘက်က တာဝန်ရှိသူများထံ အကူအညီ တောင်းခံခဲ့တဲ့အတွက် မောင်တောကို ရောက်လာတဲ့ အဲဒီထီးတော်ကြီး (အချင်းခြောက်ပေ) လောက်ရှိမယ်ထင်တယ်။ အဲဒီထီးတော်ကြီးကို နတ်မြစ်ကိုဖြတ်ပြီး တစ်ဖက်နိုင်ငံ တက္ကနပ်က တစ်ဆင့် မော်တော်ကားနဲ့တင်ပြီး သွားပို့ခဲ့ ရဖူးပါတယ်။ ၁၉၉၄ ခုနှစ်လောက်က ဖြစ်မယ်ထင်တယ်။

ဘူးသီးတောင် မောင်တောမှာနေတဲ့ ဘင်္ဂါလီ လူမျိုးတွေကို ဘင်္ဂလား ဒေ့ရှ်က ဘယ်လိုသတ်မှတ်လဲ


မိတ်ဆွေ - အဲဒီလောက်အထိ နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီလူမျိုး တွေကို တစ်ဖက်နိုင်ငံက သူ့လူမျိုးတွေလို့ သတ်မှတ် ကြသေးသလား။

မိမိ - လူမျိုးနဲ့ နိုင်ငံသားဆိုတာ တခြားစီဗျ။ ကျွန်တော်တို့ ဘက်ကတော့ တချို့ကို မြန်မာနိုင်ငံသားလို့ သတ်မှတ်ပြီး တချို့ကို တော့ တရားမဝင်ရောက်ရှိ နေထိုင်ကြသူတွေလို့ သံသယရှိတဲ့ အတွက် သက်သေခံ ကတ်ပြားကိုသာ ထုတ်ပေးထားတယ်။ သူတို့ဘက် ကတော့ သူတို့လူမျိုးလို့ သတ်မှတ်ပေမယ့် မြန်မာနိုင်ငံသားလို့ သတ် မှတ်ကြတယ်။
မိတ်ဆွေ - ဘာလို့ မြန်မာနိုင်ငံသားလို့ ဘင်္ဂလားဒေ့ရှ်ဘက်က သတ်မှတ်တယ်လို့ ခင်ဗျားပြောနိုင်သလဲ။

မိမိ - ကျွန်တော်အမှတ် (၁) ဝင်ထွက်စခန်းမှာရှိစဉ်က ၁၀ ကြိမ်ထက် မနည်း တစ်ဖက်နိုင်ငံ တက္ကနပ်ကို တာဝန်နဲ့ သွားခဲ့ရတယ်။ နှစ်နိုင်ငံ ဆွေးနွေးပွဲ တရားခံ လွှဲပြောင်းရယူရေး ကိစ္စတွေ အတွက် ဖြစ်ပါ တယ်။ မြန်မာဘက်ကမ်းမှာ နေတဲ့သူတွေကို လှေတစ်စီးနဲ့ မြန်မာ ဘက်က ကုန်ပစ္စည်းတွေနဲ့ အတူ သူတို့ဘက်ကမ်းမှာ ဖမ်းမိရင်တော့ ကော့ဘဇား အကျဉ်းထောင်မှာ ထောင်ချ အရေးယူ ပစ္စည်းသိမ်းပြီး ပြန်လွှတ်တော့မယ်ဆိုရင် ကျွန်တော်တို့ (နစက) ကို စာပို့တတ်တယ်။ အကြောင်းအရာမှာ ပြန်လွှတ်မယ့် လေးယောက်ဆိုရင် Push Back to (4) Myanmar Nationalities လို့ ရေးလေ့ရှိကြတယ်။ တကယ်သွား လက်ခံတော့ အဲဒီ မြန်မာလူမျိုးတွေ ဆိုတာက မောင်တောဘက်ကမ်း မှာနေတဲ့ ဘင်္ဂါလီတွေချည်း ပဲဗျ။ ကျွန်တော်တို့က နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးမထားတာကြောင့် Myanmar Citizen လို့တော့ မရေး ဘူးပေါ့ဗျာ။ သို့သော်လည်း ဒီဘက်ကမ်းမှာ နေတယ်ဆိုတဲ့ အစစ်ခံ ချက် နေရပ်လိပ်စာနဲ့ အထောက်အထားများအရ လက်မခံချင်ပေမယ့် လက်ခံခဲ့ရတယ်။

မိတ်ဆွေ - သူတို့ နိုင်ငံထဲမှာ နေတဲ့ ရခိုင်လူမျိုးတွေကို သူတို့ ဘယ်လိုသတ်မှတ်လဲဗျ။
မိမိ - ကျွန်တော့်အတွေ့အကြုံတစ်ခုပြောပြမယ်။ ၁၉၉၅ ခုနှစ် လောက်ကတည်းကဖြစ်မယ်။ မြန်မာနိုင်ငံသား နှစ်ဦး လွှဲပြောင်းပေး ဖို့အတွက် လာ လက်ခံပါဆိုတဲ့ စာရတယ်။ တာဝန်ပေးချက်အရ ကျွန်တော် တစ်ဖက်နိုင်ငံ တက္ကနပ်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်တပ် စခန်း ကိုရောက်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် တပ်စခန်းက ဒီလူနှစ်ယောက်ကို မြစ်ထဲမှာ လှေတစ်စီးနှင့် သူတို့ဘက်ကမ်းမှာ မောင်တောဘက်က ပစ္စည်းတွေနဲ့ ဖမ်းမိတယ်။ သူတို့ စကားလည်းမတတ်ဘူး။ ဒါကြောင့် ပြန်ခေါ်သွားပါလို့ ပြောတယ်။ မေးကြည့်တဲ့အခါ တရားခံနှစ်ဦးက ရှေးမရမာကြီး လူမျိုးတွေ ဖြစ်ပြီး ရခိုင် အဆက်အနွှယ်တွေ ဖြစ်ကြောင်း၊ သူတို့မိသားစုနဲ့အတူ ဘင်္ဂလားဒေ့ရှ် တက္ကနပ်ခရိုင်အတွင်းဘက်ကျေး ရွာမှာ အခြေချနေထိုင်သူများဖြစ်ကြောင်း၊ သူတို့မိဘဘိုးဘွားလက် ထက်ကတည်းက အဲဒီရွာ (သူတို့အခေါ် - ရခိုင်စုရွာ) မှာနေကြောင်း ပြောပါတယ်။ သူတို့ ဘင်္ဂါလီစကား မပြောတတ်ပေမယ့် ကျွန်တော်တို့ နဲ့ မြန်မာသံခပ်ဝဲဝဲနဲ့ ပြောတတ်တယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်ကို မင်းတို့ပြောတော့ တရားခံတွေက တို့မောင်တောကလို့ ပြောတယ်။
သူတို့ပြောတော့ မင်းတို့ဘက်မှာ နေတယ်တဲ့။ မိသားစုတွေ ပါဒီမှာရှိနေတာ ငါတို့ ဘာလို့ ခေါ်သွားရမှာလဲ ပြန်ပြောတော့ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ဒါမဖြစ်နိုင်ဘူး။ တို့ဆီမှာနေတဲ့လူ ငါတို့ နိုင်ငံ သားဆိုရင် တို့ စကားတတ်ရမယ်။ တို့စကား မတတ်တဲ့အတွက် မင်းတို့ မောင်တောက လူဆိုတာ သေချာတယ်လို့ ဆိုတယ်။ ဒါနဲ့ ကျွန်တော် က နယ်စပ်ဆိုတာ ဒီလိုပဲ ရှိနေတတ်တာပဲ။ အဲလိုပြောကြေးဆိုရင် တို့မောင်တောဘက်ကမ်းမှာ ရှိတဲ့ ဘင်္ဂါလီတွေဟာ အများအားဖြင့် ဗမာစကားမတတ်ကြဘူး။ သူတို့ဟာ မွတ်ဆလင်တွေဖြစ်ကြတယ်။မင်းတို့ရုပ်နဲ့ တူသလား၊ တို့ရုပ်နဲ့ တူသလား။ မင်းတို့ဘာသာ ကိုးကွယ် သလား၊ ဗုဒ္ဓဘာသာ ကိုးကွယ်သလား ဒါအားလုံးအသိပဲ။ တို့စကား မပြောတတ်လို့ မင်းပြောသလို တို့ဘက်က မဟုတ်ဘူးဆိုရင် အဲဒီ မောင်တောက ဘင်္ဂါလီတွေ မင်းတို့ဘက် လွှဲပြောင်းပေးမယ်။ မင်းတို့ လက်ခံမလားဆိုတော့မှ သူတို့အချင်းချင်း ကုလားလို စကားတွေပြော ပြီးမှ ဒါဆို ထားလိုက်ပါတော့ ဆိုပြီး အဲဒီမရမာကြီး နှစ်ယောက်ကို လက်ခံ ထားလိုက်တယ်။ နယ်စပ် သဘာဝကတော့ ဒီလိုပဲ။ မောင်တော မြောက်ဖျားက ဒေသတွေဆိုရင် နယ်စပ်မှာ သဘာဝ အခြေအနေတွေ က ခွဲမရအောင် ရောထွေးနေတယ်။ ဒီဘက်ကမ်းမှာ အခြေချ ရောက်ရှိ နေထိုင်သူကို ပြန်လက်ခံဖို့တော့ သူတို့ကလည်း လက်မခံဘူးဗျ။ အဖြစ် အပျက်တစ်ခု ပြောပြမယ်။ ၁၉၉၄ ခုနှစ်အတွင်းမှာပဲ ဖြစ်မယ်။ တောင်ပြိုဝဲ ရွာဘက်မှာ ချောင်းလေး တစ်ခုရှိတယ်။ အဲဒီဘက်ကမ်းမှာ နေတဲ့ သူတို့လူ ဘင်္ဂါလီတစ်ယောက်က ချောင်းတစ်ဖက်ကမ်းက သူတို့ ပိုင်နက်ထဲမှာ နေတဲ့ ဒိုင်းနက် အမျိုးသမီးကို ချစ်ကြိုက်ပြီး အဲဒီဘက်ကမ်း ဒိုင်းနက် အမျိုးသမီးနဲ့ သွားနေတယ်။ ဘယ်လောက်မှ မဝေးဘူးပေါ။ အဲဒီအချိန်မှာ ထွက်ပြေး ကုလားတွေ ပြန်လက်ခံဖို့ စာရင်းကောက်တော့ စောစောကပြောတဲ့ ဘင်္ဂါလီဟာ ထွက်ပြေးစာရင်းမှာ ပါသွားတယ်။ လဝက ဥပဒေအရ ဒီအတိုင်းပြန်ဝင်ရင် အရေးယူခံရမယ်။ ဥပဒေ အရ နိုင်ငံခြားသားဖြစ်စေ၊ နိုင်ငံသားဖြစ်စေ တရားဝင်ခွင့်ပြုချက် မရဘဲ ကိုယ့်နိုင်ငံထဲကို ဝင်လာရင် နိုင်ငံခြားသားဆိုရင် လဝက အက် ဥပဒေပုဒ်မ ၃(၁) အရလည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ဆိုရင် အက်ဥပဒေပုဒ်မ ၃(၂) အရလည်းကောင်း အရေးယူခံရပြီး အဲဒီ ၁၉၄၇ ခုနှစ်မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃ (၁) အရ ပြစ်ဒဏ်ခံရမယ်ဗျ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က အစိုးရလက်ထက် ၂၂.၁.၉၀ ရက်စွဲမှာ အမိန့် အမှတ်စဉ် ၂/၉၀ ပြင်ဆင်ချက် ဥပဒေအရ အနည်းဆုံး ငွေဒဏ်ကျပ် ၁၅၀၀ သို့တည်းမဟုတ်ထောင်ဒဏ်အနည်း ဆုံး ခြောက်လမှ အများဆုံး ထောင်ဒဏ် ငါးနှစ် သို့တည်းမဟုတ် ငွေဒဏ်ထောင်ဒဏ် နှစ်ရပ်ပေါင်း ကျခံနိုင်တယ်။ ဒါကြောင့် ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီအစဉ်နဲ့ အဲဒီ ထွက်ပြေး ကုလားက တစ်ဖက်နိုင်ငံသူ ဖြစ်တဲ့ သူ့ဇနီးကိုပါ ခေါ်ပြီး ပြန်ဝင်တယ်။ အဲဒီမှာ ပြဿနာ စတော့တာပါပဲ။ သူ့ကိုဝင်ခွင့်ပြု ပေမယ့် သူ့မိန်းမက ခွင့်ပြုချက် မရှိဘဲ လိုက်ပါလာတဲ့ တစ်ဖက် နိုင်ငံသူ ဖြစ်တဲ့အတွက် လဝက ဥပဒေအရ ၃(၁)၊ ၁၃(၁) နဲ့ အရေးယူတော့တာ ပေါ့။ ဒုက္ခသည်ကို ဒုက္ခပေး ရမလားဆိုပြီး ပြောကြ ဆိုကြ ဝေဖန်ကြ တယ်။ မဟုတ်ဘူး။ ဒါမူလက ရှိပြီးဥပဒေအရ စည်းကမ်းအတိုင်း ဆောင်ရွက်ရတာပါ။ တမင် ဒုက္ခပေးတာမဟုတ်ပါဘူး။ အဲဒီမိန်းမကို ပြည်ပြန်နှင်ရမယ်။ လောလောဆယ် ခဏ ချုပ်ထားရမယ်။ (ဒါက လည်း ဥပဒေညွှန်ကြားချက်အရပါ။) အဲဒီလိုချုပ်ထားစဉ် ဝင်လာစဉ် ကတည်းက ကိုယ်ဝန်ပါလာတော့ အချုပ်ထဲမှာပဲ ကလေးမွေးတယ်။ မွေးပြီးတဲ့အချိန်မှာ ပြည်နှင်ဖို့ စီစဉ်ပြီး ပြည်ပြန်နှင်တဲ့အခါ ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့နိုင်ငံသူကိုသာ လက်ခံမယ်။ ကလေးကို လက်မခံဘူးဆို လို့ အဲဒီကိစ် စအတော်ပဲ အခက်တွေ့ပြီး အမှုမပြတ်နိုင် ဖြစ်ရတယ်။ နောက်ဆုံး အဲဒီဘက်ကမ်းက လူကြီးတွေနဲ့ တွေ့ပြီး သားအမိကို မခွဲ ထားပါနဲ့၊ မိခင်လည်း သွေးနုနုနဲ့ ကလေးထားပြီးသွားလို့ ဘယ်ဖြစ် မလဲ လက်ခံပေးပါလို့ ပုဂ္ဂိုလ်ရေးအရ လက်ခံပေးလို့ အဆင်ပြေသွား ရ ပါတယ်။ သူတို့ဘက်က ပြန်လက်ခံဖို့ဆိုရင် ကလေးတောင် တရားဝင် လက်မခံပါဘူး။ ဒုက္ခသည် အနေနဲ့ ဝင်လာရင် ထွက်ပြေးရင်တော့ တစ်မျိုးပေါ့ဗျာ။ မိတ်ဆွေ - တိုင်းရင်းသား မဟုတ်တဲ့ တရုတ်၊ ကုလားစတဲ့ လူမျိုးခြားတွေ နိုင်ငံသားစိစစ်ရေး ကတ်ပြား ရပိုင်ခွင့်ရှိသလား။ သူတို့ လက်ထဲမှာ နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ ကိုင်ထားတာ တွေ့ရပါ တယ်။ ဘာကြောင့်လဲဗျာ။
မိမိ - အဲဒါ အရေးကြီးဆုံးပဲဗျ။ မေးသင့်တဲ့ မေးခွန်းပဲ၊။ သမိုင်း ချီပြီး ဖြေရှင်းရမယ့် ကိစ္စ။ ကိုလိုနီဘဝ ရောက်ခဲ့ရတာတွေ၊ သမိုင်းရဲ့ ဆိုးမွေတွေ အများကြီးပါတယ်။ သမိုင်းကို ချီပြောရင် လူတွေက သိပ်လက်မခံ ချင်ကြဘူး။ ခင်ဗျားတို့ လဝက တွေ ဘက်က ရှေ့နေလိုက် တာလား။ လဝက တွေ ငွေစားပြီး ထုတ်ပေးခဲ့တာ မဟုတ်ဘူးလားလို့ ပြောလေ့ရှိကြတယ်။ မျက်နှာလည်း ပူပါတယ်။ ရှိတဲ့လူတွေလည်း ရှိမှာပေါ့။ ဒါပေမဲ့ အဓိကကတော့ သမိုင်းရဲ့ ဆိုးမွေတွေပေါ် မူတည်ပြီး ဒါတွေ ဖြစ်ခဲ့ရတယ်။ အစ မကောင်းလို့ အနှောင်း မသေချာ ဖြစ်ခဲ့ရတာ ပေါ့။ အခုလက်ရှိ ကျင့်သုံးနေတဲ့ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ အာဏာ တည်တဲ့ ၁၅.၁၀.၈၂ နောက်ပိုင်း မွေးဖွားတဲ့ သူတွေအတွက်ကတော့ မြန်မာနိုင်ငံသားဖြစ်ခြင်း၊ ဧည့်နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခွင့်ရ သူဖြစ်ခြင်း စတာတွေကို တိတိကျကျ ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ မြန်မာ နိုင်ငံသား ဖြစ်မှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေထဲမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်း ပုံ အခြေခံ ဥပဒေကတော့ အစောဆုံးပေါ့ဗျာ။


၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ နိုင်ငံသား ဖြစ်မှု သတ်မှတ်ချက်


မိတ်ဆွေ - အဲဒီမတိုင်မီက ဘယ်လို ဥပဒေတွေ ရှိခဲ့သေးလို့ လည်းဗျ။

မိမိ - အစောဆုံး ဥပဒေကတော့ ကျွန်တော်သိသလောက် နိုင်ငံ ခြားသားများ အက်ဥပဒေပေါ့ဗျာ။ ကျွန်တော်တို့ကသာ မသိတာ ကမ္ဘာ မှာ နယ်ချဲ့နေတဲ့ နိုင်ငံကြီးတွေကတော့ သူတို့ အချင်းချင်း သိတယ်ဗျ။ ဥပမာ - ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနောက် အိန္ဒိယကျွန်းဆွယ် ပေါ့ဗျာ။ အဲဒီနိုင်ငံတွေက သူ့ ကျွန်ဘဝ ရောက်နေတာချင်း တူပေမယ့် အရှင်သခင်ချင်း မတူကြဘူး လေ။ တချို့က ပြင်သစ် လက်အောက်ခံ၊ တချို့ အင်္ဂလိပ် လက်အောက်ခံ၊ တချို့က စပိန် လက်အောက်ခံ စသည်ဖြင့် ရှိကြတယ်။ နယ်ချဲ့တွေထဲမှာ ပေါ်တူဂီ၊ ဒတ်ခ်ျ စတဲ့နိုင်ငံတွေလည်း ပါတာပေါ့ဗျာ။ ထားပါတော့ အဲဒီတော့ နယ်ချဲ့နိုင်ငံတွေက သူတို့ ကိုလိုနီနိုင်ငံတွေကို တခြားကိုလိုနီ နိုင်ငံတွေနဲ့ စည်းခြားထားခြင်း ဖြစ်ဟန် တူတယ်။ မြန်မာနိုင်ငံ အောက် ပိုင်းကို အင်္ဂလိပ်က သိမ်းပြီးတာနဲ့ ၁၉၆၄ ခုနှစ်မှာ နိုင်ငံခြားသားများ အက်ဥပဒေကို ထုတ်ပြန်တယ်။ နိုင်ငံခြားသားဆိုတာဟာ မြန်မာနိုင်ငံ သား မဟုတ်သူကို ဆိုလိုသည်လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဝင်ရောက် လာတဲ့နိုင်ငံခြားသားတွေကို မှတ်ပုံတင်ဖို့ ၂၈.၃.၁၉၄၀ မှာနိုင်ငံခြား သားများ မှတ်ပုံတင်ရေး အက်ဥပဒေကို ထုတ်ပြန်ခဲ့တယ်။ လွတ်လပ် ရေးမရခင် ရှစ်နှစ်ပေါ့ဗျာ။

မိတ်ဆွေ - ကဲပါဗျာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကြောင်းဆက် ပါဦး။

မိမိ - စောစောက ပြောခဲ့သလို မြန်မာနိုင်ငံကို အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းခဲ့ပြီး အိန္ဒိယ ဘုရင်ခံချုပ်ရဲ့ အုပ်ချုပ်မှု အောက်ကို ရောက်သွားပြီးတဲ့အချိန်မှာ အိန္ဒိယက ဘက်ကလည်း မြန်မာပြည်ထဲဝင်၊ ဘင်္ဂါလီတွေကလည်း ဘူးသီးတောင်၊ မောင်တော ကို နတ်မြစ်ဖြစ်ပြီး ကြိုက်သလို ဝင်တော့တာပေါ့ဗျာ။ ကျွန်တော်တို့ ဘက်မှာသာ အဲဒီတုန်းက ဘူးသီးတောင်၊ မောင်တောဟာ နယ်စွန် နယ်ဖျား လူဦးရေ ခပ်ပါးပါး ဖြစ်ပေမယ့် ကပ်လျက်ဖြစ်တဲ့ တစ်ဖက်နိုင်ငံ မှာတော့ လူဦးရေထူထပ်၊ နေရာကလည်း မရှိလေတော့ သူတို့အတွက် တော့ ဘူးသီးတောင်၊ မောင်တောဟာ ကျေနပ်စရာပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရခါနီးမှာ ဗိုလ်ချုပ်တို့ဦးစီးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုရေးဆွဲခဲ့တယ်။ အဲဒီအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ ကောက်နုတ်ချက် တစ်ခုကို ဖော်ပြပါ့မယ်။ အဲဒါကတော့ ဥပဒေပုဒ်မ ၁၁(ခ) မှာ မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုးတွင် ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့သော ဘိုးဘွားများအနက် အနည်းဆုံး တစ်ဦးမှ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက် အတွင်း မွေးဖွားသူတိုင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရ မည်ဆိုတဲ့ အချက်တစ်ချက် ပါတယ်ဗျ။ ဆိုလိုတာက ဘိုးဘွားလေးဦး အနက်တစ်ဦးဟာ တိုင်းရင်းသားဖြစ်ရုံမျှနဲ့ မြေးဖြစ်တဲ့သူဟာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မွေးဖွားသူဖြစ်လျှင် နိုင်ငံသား ဖြစ်တယ်လို့ဆိုပါတယ်။ ကျန်ဘိုးဘွားသုံးဦးက ဘာလူမျိုးပဲဖြစ်ဖြစ် ပေါ့ဗျာ။ မြန်မာပြည်တွင်းရောက်နေကြတဲ့ နိုင်ငံခြားသားတွေ ကြာလွန်း၊ များလွန်းလို့ အဲဒီလို လျှော့ပေါ့ပေးခဲ့ရတယ် ထင်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုတဲ့နေ့ ၂၄-၉-၁၉၄၇ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်မှု


မိတ်ဆွေ - မြန်မာပြည် လွတ်လပ်ရေး ရပြီးတော့ဗျာ။ ဘာ ပြောင်းလဲမှု ရှိသေးသလဲ။

မိမိ - လွတ်လပ်ရေး ရပြီးတော့ ၄-၁-၁၉၄၈ နေ့မှာ အာဏာ တည်စေခဲ့တဲ့ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေကို ရေးဆွဲ ခဲ့ကြတယ်။ အဲဒီမှာ မွေးရာပါ နိုင်ငံသား ဖြစ်သူတွေကို အဲဒီဥပဒေအပိုဒ် ၃ အပိုဒ်ခွဲ (၁) မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပိုဒ် ၁၁ ပါ မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုး ဆိုတာကို အဓိပ္ပာယ်ဖွင့် ထားတာက မြန်မာ နိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုး ဆိုသည်မှာ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင် သို့တည်းမဟုတ် ရှမ်းလူမျိုးကိုလည်းကောင်း၊ ၁၈၂၃ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီ ကာလမှစ၍ ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မိမိတို့၏ပင်ရင်း တိုင်းပြည်အဖြစ်ဖြင့် အခြေစိုက် နေထိုင်ခဲ့သော မျိုးနွယ်စုများကိုလည်း ကောင်း ဆိုလိုသည်လို့ ဖော်ပြထားတယ်။ ဒီတိုင်းရင်းသားနဲ့ မျိုးနွယ်စု (၁၃၅) မျိုးက မွေးတဲ့သူတွေသာ မွေးရာပါ နိုင်ငံသားများ ဖြစ်ကြပါ တယ်။ တစ်နည်းအားဖြင့် သွေးကပြောတဲ့ နိုင်ငံသားတွေပေါ့ဗျာ။ အဲဒီ အထဲမှာ မပါတဲ့သူတွေဟာ မွေးရာပါ နိုင်ငံသား မဟုတ်ပါဘူး။ နယ်မြေတောင်းခွင့် ဆိုတာကတော့ ပိုမဖြစ်နိုင် တာပေါ့။
မိတ်ဆွေ - ဒါဖြင့် ရိုဟင်ဂျာ ဆိုတာကကောဗျာ၊ ရိုဟင်ဂျာ ဆိုတာဘာလဲ။
မိမိ - ကျွန်တော် သိသလောက် ပြောရရင် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) မျိုးထဲမှာ မပါဘူးဗျ။ ဘင်္ဂါလီလို 'ရွာကြီးသား' လို့ အဓိပ္ပာယ် ရတယ်လို့ ကြားဖူးတယ်။ ရိုဟင်ဂျာကို အတို ကောက် RSO လို့ခေါ်တယ်။ ရိုဟင်ဂျာ အမျိုးသား စည်းလုံး ညီညွတ် ရေး (ကြံ့ခိုင်ရေး) အဖွဲ့ပေါ့ဗျာ။ အဲဒီ လူမျိုးတွေဟာ အစောဆုံး တရားမဝင် ဝင်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ကျေးရွာ ထူထောင်ပြီး စုစည်း နေထိုင်ရာက သူတို့ဟာ သူတို့ အမည်ပေးခဲ့ မှာပေါ့ဗျာ။ ရခိုင် ပြည်နယ် အတွင်း လက်နက်ကိုင် ဆူပူ သောင်းကျန်းသူများဖြစ်လို့ အစိုးရကတော့ 'ကုလားဆိုး' အဖွဲ့လို့ ခေါ်ဝေါ် ခဲ့ဖူးတယ်။ ပြည်နယ်တောင်းဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ သဘာဝပါ။
မိတ်ဆွေ - ဒါပေမဲ့ တိုင်းရင်းသား မဟုတ်တဲ့ လူမျိုးတွေ၊ ဥပမာ- တရုတ်လူမျိုး၊ အိန္ဒိယလူမျိုး၊ ဘင်္ဂါလီစသူတွေထဲမှာ နိုင်ငံသား စိစစ်ရေး လက်မှတ် ရှိနေတာတွေ ရောဗျာ။
မိမိ - အဲဒီလူတွေဟာ မွေးရာပါသွေးအရ နိုင်ငံသားဖြစ်ကြ သူတွေမဟုတ်ဘဲ လျှော့ပေါ့ပေးခဲ့ရတဲ့ ဥပဒေပါ ခွင့်ပြုချက်အရ နိုင်ငံ သားဖြစ်ခွင့် ရကြသူ အချို့ ဖြစ်ပါတယ်။ ဆက်ပြီးရှင်းပြပါ့မယ်။ အဲဒီ ၁၉၄၈ မြန်မာနိုင်ငံသား ဖြစ်မှု ဥပဒေ ပုဒ်မ ၄ ပုဒ်ခွဲ (၂) ပြည်ထောင်စု တွင်ပါဝင်သော နယ်မြေ တစ်ခုခုတွင် အနည်းဆုံး ဘိုးဘွား အားလုံး လက်ထက်မှစ၍ မိမိတို့၏ပင်ရင်း တိုင်းပြည်အဖြစ်ဖြင့် မျိုးဆက် မပြတ် ထာဝစဉ် အခြေစိုက် နေထိုင်လာခဲ့သည့် အပြင် မိမိ၏ မိဘနှစ်ပါး နှင့်တကွ မိမိကိုယ်တိုင် ထိုနယ်မြေ တစ်ခုခုတွင် မွေးဖွားသူဖြစ်လျှင် ထိုသူအား မြန်မာနိုင်ငံသား ဖြစ်သည်ဟု မှတ်ယူရမည်။ ပုဒ်မ ၅ မှာ ကတော့ အခြေခံဥပဒေ စတင် အာဏာတည်ပြီးမှ မွေးဖွားသည့်အောက် ၌ ဖော်ပြသော သူများသည် ပြည်ထောင်စု မြန်မာနိုင်ငံသားများ ဖြစ်ရ မည်။
(က) ပြည်ထောင်စု နိုင်ငံသားဖြစ်သည့် မိဘ တစ်ပါးပါးမှ ပြည်ထောင်စု နိုင်ငံတွင် မွေးဖွားသူ သို့သော် ဖခင်သည် နိုင်ငံခြားသား ဖြစ်လျှင် ထိုသူသည် အရွယ်ရောက်ပြီး နောက်တစ်နှစ် အတွင်း နိုင်ငံခြားသား အဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စု နိုင်ငံသားအဖြစ် တည်မြဲစေရန် ရွေးချယ်ကြောင်း ကြေညာခြင်း မပြုလျှင် ထိုတစ်နှစ် ကုန်ဆုံးသောအခါ ပြည်ထောင်စု နိုင်ငံသား အဖြစ်မှ ရပ်စဲရမည်လို့ ဖော်ပြထားတယ်။ ဒါအကြမ်းဖျင်း ဖော်ပြတာပေါ့နော်။ ဥပဒေပုဒ်မ အားလုံးတော့ မဖော်ပြတော့ပါဘူး။ နောက် အဲဒီ ဥပဒေပုဒ်မ ၇(၁) မှာ နိုင်ငံခြားသား တစ်ဦးသည် နိုင်ငံသား ပြုမှု လက်မှတ်ကို အောက်ပါ အကြောင်းများကို ဖော်ပြလျှောက် ထားနိုင်သည်။ ဝန်ကြီးက ကျေနပ် လက်ခံလျှင် နိုင်ငံသားပြုမှု လက်မှတ်ကို ပေးနိုင်သည်လို့ ဆိုထား တယ်။
ဖော်ပြရမည့်အချက်တွေကတော့ -
(က) မိမိသည် အသက် ၁၈ နှစ်ပြည့်ပြီဖြစ်ကြောင်း၊
(ခ) မလျှောက်ထားမီက မိမိသည် ငါးနှစ်အောက် မနည်း အဆက်မပြတ် ပြည်ထောင်စု နိုင်ငံအတွင်းတွင် ပြည်ထောင်စုနိုင်ငံ၏ အာဏာအောက်၌ နေထိုင်ခဲ့ကြောင်း၊
(ဂ) မိမိသည် အကျင့်စာရိတ္တ ကောင်းမွန်၍ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာ စကား တစ်မျိုးမျိုးကို ပြောတတ်ကြောင်း၊
(ဃ) မိမိအား နိုင်ငံသားပြုမှုလက်မှတ် ပေးအပ်လျှင် မိမိသည် ပြည်ထောင်စုတွင် နေထိုင်ရန် သို့တည်းမဟုတ် အစိုးရပြည်နယ် အစိုးရ၌ အမှုထမ်းရန်၊ ဆက်လက် အမှုထမ်းရန် သို့မဟုတ် ပြည်ထောင်စုတွင် တည်ထောင်ထားသော ဘာသာ၊ သာသနာရေး၊ လှူဒါန်းရေး၊ ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းတစ်ခုခုတွင် ပါဝင်ဆောင် ရွက်ရန် စတဲ့ အချက်တွေ ဖော်ပြ လျှောက်ထားလျှင်လည်း နိုင်ငံသား ပြုမူ လက်ခံ ရရှိနိုင်တယ်တဲ့။

မိတ်ဆွေ - နိုင်ငံသား ဖြစ်ဖို့ တော်တော် လျှော့ပေးခဲ့တာပဲဗျ။ ဆက်ပါဦး။
မိမိ - ဒါနိုင်ငံသားဖြစ်မှု ဥပဒေမှာသာ ရှိသေးတာ။ ရွေးချယ် ခွင့် ဥပဒေကျရင် သည့်ထက်တောင် လျှော့ပေးထားသေးတယ်။ အခု နိုင်ငံသားဖြစ်မှု ဥပဒေမှာတင် ပုဒ်မ (၁၁) မှာ ပြည်ထောင်စု နိုင်ငံသား နှင့် အိမ်ထောင်ပြုသော မိန်းမသည် တစ်နှစ်ကြာမြင့်အောင် ပြည်ထောင်စုတွင် အဆက်မပြတ် နေထိုင်ပြီးနောက် နိုင်ငံသားလက် မှတ်ရ လိုကြောင်း ဝန်ကြီးထံ လျှောက်ထားနိုင်တယ်လို့လည်း ဖော်ပြ ထားတယ်။ အရည်အချင်း သတ်မှတ်ချက်တော့ ရှိတာပေါ့ဗျာ။ အဲဒီ အချက်တွေကလည်း ခက်ခက်ခဲခဲတွေ မဟုတ်ပါဘူး။

မိတ်ဆွေ - ကဲဗျာ ဆက်ပါဦး။


မိမိ - အဲဒီ ၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (၃) မှာ ပြည်ထောင်စုအတွင်းတွင် ပြည်ထောင်စု၏ အာဏာ အောက်၌ ထာဝစဉ်နေထိုင်သည့် ပြည်ထောင်စု နိုင်ငံသား မဟုတ်သော မိဘနှစ်ပါးမှ ပြည်ထောင်စုအတွင်းတွင် မွေးဖွားသူသည် အကျင့် စာရိတ္တ ကောင်းသူ ဖြစ်၍ အရည်အချင်း ချို့ငဲ့သူ (အရွယ်မရောက်သေး သောသူ၊ လူရူး၊ ဝမ်းတွင်းရူး) မဟုတ်လျှင် ၁၉၅၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ မတိုင်မီဖြစ်စေ၊ အရွယ်ရောက်ပြီး တစ်နှစ်အတွင်း ဖြစ်စေ နိုင်ငံသားလက်မှတ် ရလိုကြောင်း လျှောက်ထားနိုင်တယ်လို့ ဖော်ပြထား တယ်။ တစ်ခုတော့ရှိတာပေါ့ဗျာ။ လျှောက်လွှာတင်တာတို့၊ အစိုးရ ဌာနရုံးများနှင့် ဆက်သွယ် လျှောက်ထားတဲ့ကိစ္စတွေမှာ နယ်စပ်က လူတွေ ကျေးရွာမှာနေပြီး မြို့နဲ့ဝေးတဲ့ဒေသက လူတွေကတော့ မလုပ် ချင်ဘူး၊ မလုပ်တတ်ဘူး သူ့ဒေသမှာပဲ ဒီလိုပဲ နေသွားတတ်ကြတယ်။ ဒါကြောင့်လည်း နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားလက်မှတ်ရသွားတဲ့သူ များဟာ အများအားဖြင့် မြို့မှာနေတဲ့ လူမျိုးခြားတွေပဲ ဖြစ်တာ တွေ့ရ တယ်။ သူတို့က လူရည်လည်ကြ တယ်လေ။ မြန်မာပြည်ထဲ ရောက်တာ တချို့ ဘိုးဘွား လက်ထက်ကတည်းက ဆိုတော့ ကြာလှပြီ။ သူတို့ လူတွေကလည်း များကြပြီ။ စီးပွားဖြစ်ပြီး လူချမ်းသာတွေလည်း ရှိနေပြီ။

မိတ်ဆွေ - ကဲပါဗျာ။ ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေမှာ ဒီလောက် သိရလျှင် ကျေနပ်ပါပြီ။ မကုန်သေးဘူးလား။
မိမိ - ပြီးတော့ ပါမယ်ဗျာ။ အရေးကြီးတာလေး တစ်ချက်ကို ထည့်ပြောချင်လို့ပါ။ ဒါတောင်ခင်ဗျားကို အကုန်ပြောတာမဟုတ်ပါ ဘူး။ သိထားသင့်တယ် ထင်လို့ ပြောတာဗျ။ အဲဒါကတော့ အဲဒီဥပဒေ ပုဒ်မ ၁၃ မှာ ပြည်ထောင်စုနိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များတွင် ကာလ အပိုင်းအခြား ဆက်လျက် ဖြစ်စေ၊ မဆက်ဘဲ ဖြစ်စေ စုစုပေါင်း သုံးနှစ်ထက် မနည်း သစ္စာရှိစွာ အမှုထမ်းခဲ့သော သူသည် အမှုထမ်းနေ စဉ်သော်လည်းကောင်း၊ အမှုထမ်း ရပ်စဲပြီးနောက် ခြောက်လအတွင်း၌ သော်လည်းကောင်း နိုင်ငံသား ပြုစေလိုကြောင်း လျှောက်ထားလျှင် ထို့ပြင် အောက်ပါ ခြွင်းချက်များမှ တစ်ပါး ဤအက်ဥပဒေရှိ အခြား ပြဋ္ဌာန်းချက်အားလုံးကို အပြည့်အစုံ လိုက်နာလျှင် ထိုသူအား နိုင်ငံသား ပြု လက်မှတ်ကို ပေးအပ်နိုင်သည်လို့ ဆိုထားတယ် -
(၁) ကြံရွယ်ခြင်းကို ကြိုတင် အကြောင်းကြားရန် မလို၊
(၂) ပြည်ထောင်စု အတွင်းတွင် နေထိုင်ခဲ့ရန် မလို၊
မိတ်ဆွေ - ခင်ဗျားပြောတော့ အရေးကြီးတာလေးဆို ဘာကို ဆိုလိုချင်တာလဲဗျ။

မိမိ - ဒီလိုဗျ။ လွတ်လပ်ရေး မရမီက အင်္ဂလိပ်စစ်တပ်နှင့် ပါလာပြီး ဗမာ့တပ်မတော်မှာ လွှဲပြောင်း တာဝန်ထမ်းဆောင်တဲ့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဂေါ်ရခါး လူမျိုးတွေ ရှိတယ်။ တချို့က အဲဒီခေတ် အခေါ်အဝေါ် ပုလိပ်တပ်ဖွဲ့လည်း ရှိတယ်။ မြန်မာနိုင်ငံမှာ အနေကြာ လာပြီး လက်နက်ကိုင် တပ်ဖွဲ့မှာလည်း အမှုထမ်း ခဲ့လေတော့ သူတို့ရဲ့ သစ္စာရှိမှုကို ထောက်ထားသောအားဖြင့် ဒီအချက်ကို ခွင့်ပြုခဲ့ဟန် တူတယ်။ ခင်ဗျား သတိမထားမိဘူး ထင်တယ်။ ရွှေတိဂုံ စေတီတော်ကြီး တောင်ဘက်မှာရှိတဲ့ ရွှေတိဂုံ ဘုရားလမ်းပေါ်မှာ အမှတ် (၁) ဆက်သွယ်ရေး တပ်နေရာမှာ ဟိုတုန်းက ဂေါ်ရာတပ်တွေ ရှိတယ်။ အဲဒီ နေရာကို ဂေါ်ရာကုန်းလို့ခေါ်ကြတယ်ဗျ။ ဂေါ်ရာခေါ်တဲ့ ဂေါ်ရခါး လူမျိုးများဟာ ကျွန်တော်တို့ တိုင်းရင်းသား မဟုတ်ဘူးလေဗျာ။ နီပေါ နိုင်ငံသားတွေပဲ။ သူတို့တွေလည်း နိုင်ငံသားပြု လက်မှတ်ရခဲ့တယ်။ အဲဒီလိုလူတွေနှင့် သူတို့ အဆက်အနွှယ်တွေဟာ အခုချိန်မှာ နိုင်ငံသား စိစစ်ရေး လက်မှတ် ရရှိနေကြပြီလေ။ ဒါဥပဒေပါ ခွင့်ပြုချက်အရ နိုင်ငံသားဖြစ်သွားတဲ့ လူတွေပါပဲ။
မိတ်ဆွေ - ကဲဗျာ နိုင်ငံသားအဖြစ် ရွေးချယ်ရေး အကြောင်း ပြောပါဦး။
မိမိ - ၁၉၄၈ ခုနှစ် မေလ ၃ ရက်နေ့မှာ အာဏာတည်တဲ့ ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ရေး အက်ဥပဒေထဲက ကောက်နုတ်ချက် တချို့ကို ပြောပြမယ်။
အဲဒီအက်ဥပဒေပုဒ်မ (၃) မှာ မည်သူမဆို အောက်ပါအရည် အချင်းများနှင့်ပြည့်စုံလျှင် မိမိနေထိုင်သည့် ခရိုင်ဆိုင်ရာ အရာရှိထံတွင် ပြည်ထောင်စု မြန်မာနိုင်ငံသား လက်မှတ် ရလိုကြောင်း လျှောက်ထားနိုင် သည် -
(က) မွေးဖွားစဉ်က ဗြိတိသျှ ဘုရင်မင်းမြတ်၏ အာဏာပိုင် နက်တွင် ပါဝင်သော နယ်မြေ တစ်ခုခု၌ မွေးဖွားခဲ့သူဖြစ်ခြင်း၊
(ခ) ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ သို့တည်းမဟုတ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှအထက် အခြားမဲ့သော ဆယ်နှစ် အတွင်း ရှစ်နှစ်အောက် မယုတ်သော ကာလအဖို့ ပြည်ထောင်စုမြန်မာ နိုင်ငံ၏ အာဏာပိုင်နက်အတွင်း၌ နေထိုင်ခဲ့ဖူးသူဖြစ်ခြင်း၊
(ဂ) အကျင့်စာရိတ္တ ကောင်းသူ ဖြစ်ခြင်း၊
(ဃ) ပြည်ထောင်စု မြန်မာနိုင်ငံ၏ လုံခြုံမှုကိုလည်းကောင်း၊ ငြိမ်ဝပ်ပိပြားရေးကို သော်လည်းကောင်း၊ အကျိုးစီးပွားကိုသော် လည်းကောင်း ပျက်ပြား နစ်နာအောင် မပြုလုပ် ခဲ့ဖူးသူ ဖြစ်ခြင်း၊

ထို့ပြင် -
(င) ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၂ တွင် အဓိပ္ပာယ် ဖော်ပြထားသည့် အရည်အချင်း ချို့ငဲ့သူ မဟုတ်ခြင်း (အရည်အချင်း ချို့ငဲ့သူ ဆိုသည်မှာ အရွယ်မရောက်သေးသူ သို့တည်း မဟုတ် သူရူး၊ သို့တည်းမဟုတ် ဝမ်းတွင်းရူးကို ဆိုလိုသည်။) လို့ ဖော်ပြထားတယ်ဗျ။

မိတ်ဆွေ - ဟာဗျာ မဟုတ်တာ။ အဲဒီတုန်းက အင်္ဂလိပ်က နေမဝင် အင်ပါယာကြီး ထူထောင်ထားတာ။ ဗြိတိသျှ ဘုရင်မင်းမြတ်၏ အာဏာ ပိုင်နက်အတွင်း မွေးဖွားခဲ့သူဖြစ်ခြင်း ဆိုတော့ တစ်ကမ္ဘာလုံး သူပိုင်တာတွေက အများကြီးပဲဟာ ဘယ်နေရာမှာ မွေးဖွားပေးရမှာ လားဗျ။
မိမိ - အဲဒီလို မဟုတ်ဘူးဗျ။ ဒါနဲ့ပတ်သက်ပြီး ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ ၃ (၂) မှာ ဗြိတိသျှ ဘုရင်မင်းမြတ်၏ အာဏာ ပျံ့နှံ့ရာ နယ်မြေဆိုသည်မှာ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံတော် လွတ်လပ်ရေး အက်ဥပဒေပုဒ်မ ၂ (၂) တွင် ဖော်ပြထားသည့် နယ်မြေများကို ဆိုလိုသည်လို့ ရှင်းပြထားပါတယ်။ ဆိုလို တာကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့အခါ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင်နက် အတွင်း ဘယ်မှာ မွေးမွေးပေါ့ဗျာ။
မိတ်ဆွေ - အဲဒီတုန်းကတောင် မြန်မာနိုင်ငံရဲ့ လုံခြုံမှု ငြိမ်ဝပ် ပိပြားရေးနဲ့ နှစ်နိုင်ငံရဲ့ အကျိုးစီးပွား ပျက်ပြား နစ်နာအောင် လုပ်ခဲ့ သူတွေကို ခွင့်မပြုဘူးဆိုတာ အခု မောင်တောတို့၊ ရခိုင်ပြည်နယ်တို့မှာ လူစုလူဝေးနှင့် ဆူပူ အကြမ်းဖက် လုယက်၊ မီးရှို့နေတဲ့ လူတွေကို ထိထိ ရောက်ရောက် အရေးယူ သင့်တယ်ဗျ။
မိမိ - မပူပါနဲ့လေ။ ဒါက တာဝန်ရှိသူတွေရဲ့ အလုပ်ပေါ့ဗျာ။ ကြည့်လုပ် ပါလိမ့်မယ်။
မိတ်ဆွေ - နေပါဦးဗျ။ အဲဒီ လူမျိုးခြားတွေကို နိုင်ငံသားပြစ်မှု ဥပဒေတွေ၊ ရွေးချယ်ခွင့် ဥပဒေတွေနဲ့ မြန်မာနိုင်ငံသား ဖြစ်သည်ဟု မှတ်ယူရမည်လို့ ပြည်ထောင်စု မြန်မာနိုင်ငံသား လက်မှတ် ထုတ်ပေးတာ တို့ လုပ်နေစဉ်က ခင်ဗျားတို့က ကျွန်တော်တို့ နိုင်ငံသားစစ်စစ်တွေ ကိုတော့ ဘာတွေ ထုတ်ပေးထားသလဲ။
မိမိ - ဘာမှ မထုတ်ပေးထားဘူးဗျ။ မွေးရာပါ တိုင်းရင်းသား လူမျိုးများကတော့ ကိုယ့်ပြည်မှာမွေး ကိုယ့်ပြည်မှာ နေကြတော့ အေးဆေးပဲလေ။ ဒါပေမဲ့ တာဝန်ရှိသူ တွေကတော့ အချိန်ယူ စဉ်းစား တာပေါ့လေ။ အဲဒီအချိန်အထိ စောစောကပြောတဲ့ ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး) အက်ဥပဒေနှင့် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေတို့အရ အဲဒီလူမျိုးခြား တွေကို တစ်ပြည်တစ်ရွာက လူတွေဆိုပေမယ့် အနေကြာလာတော့ ဥပဒေပါ ခွင့်ပြုချက်အရ အောက်ပါ အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးခဲ့ရတယ်။



နိုင်ငံသား လက်မှတ် သုံးမျိုး



Union of Citizenship Certificate (UCC)
(၁) နိုင်ငံသားလက်မှတ် (က) ၄၈ ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံသားဖြစ်မှုအက်ဥပဒေပုဒ်မ (၁၁) ပုဒ်မခွဲ (၁) အရ ထုတ်ပေး သည်။
(ခ) ၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေ ပုဒ်မ (၆) အရ ထုတ်ပေးသည်။
(ဂ) ၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (၂) (၃) ပုဒ်မ ၁၂ (က) အရ ထုတ်ပေးသည်။
(ဃ) ၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေ ပုဒ်မ ၆ ပုဒ်မခွဲ (၂) အရ ထုတ်ပေးသည်။
(၂) နိုင်ငံသားပြုမှုလက်မှတ် (က) ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေပုဒ်မ ရ အရ ထုတ်ပေးသည်။
(ခ) ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ (၈) ပုဒ်မ (၁၃) အရ ထုတ်ပေးသည်။
(၃) ပြည်ထောင်စုမြန်မာနိုင်ငံသားလက်မှတ် (က) ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေးအက်ဥပဒေ ပုဒ်မ ၃ (က) အရ ထုတ်ပေးသည်။
(ခ) ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် ရွေးချယ် ရေးအက်ဥပဒေပုဒ်မ ၃ (ခ) အရ ထုတ်ပေးသည်။
အဲသည်လိုလူမျိုးခြားတွေကို အသိအမှတ်ပြုစာရွက်တွေ ဓာတ်ပုံနဲ့တကွ ဖော်ပြ ကိုယ်ရေး အချက်အလက်တွေနဲ့ ပေးအပ်ခဲ့ပြီး ကိုယ့်မူရင်း မွေးရာပါ နိုင်ငံသားတွေ အတွက် မှတ်တမ်းထားပြီး မှတ်ပုံတင်ဖို့ တာဝန်ရှိသူတွေက ဆောင်ရွက်ကြတယ်။ လုပ်ဖို့ လိုအပ် ကြောင်း သိပေမယ့် အားလုံး သိကြတဲ့အတိုင်း လွတ်လပ်ရေးရဲ့ ဖွားဖက်တော်လို့ ဆိုရမည့်ပြည်တွင်း သောင်းကျန်းမှု ကိစ္စကြီးကို ဖြေရှင်း နေကြရတာလည်း ရှိနေတာကိုး။ ဒီလိုနဲ့ ကိုယ့်တိုင်းရင်းသား မွေးရာပါ နိုင်ငံသားတွေ အတွက် မှတ်တမ်းတို့၊ မှတ်ပုံတင်တို့ လုပ်ကြ တယ်။


အမျိုးသား မှတ်ပုံတင် ကတ်ပြား (National Registration Card) NRC ထုတ်ပေးခြင်း



၁၉၄၉ ခုနှစ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း နေထိုင် တဲ့သူများကို မှတ်ပုံတင် စာရင်းပြုစုဖို့ မှတ်ပုံတင်ရေး အက်ဥပဒေကို ရေးဆွဲခဲ့ကြပါတယ်။ ဒီအက်ဥပဒေကို လက်တွေ့ အကောင်အထည် ဖော်ဖို့အတွက် နည်းဥပဒေ ရေးဆွဲဖို့ လိုလာပြန်တယ်။ အထူးသဖြင့် ရေးဆွဲမည့် ဥပဒေ (နည်းဥပဒေ) မှာ အောက်ပါ ကိစ္စတွေလည်း ပါတယ်ဗျာ -
(က) စာရင်းများ ပြုလုပ်ခြင်း၊ စုဆောင်းခြင်း သို့တည်းမဟုတ် ပေးအပ်ခြင်း၊
(ခ) စာရင်းပုံစံ၊
(ဂ) သက်သေခံကတ်ပြားပုံစံ၊
(ဃ) သက်သေခံ ကတ်ပြားများကို စစ်ဆေးရန် တင်ပြခြင်း၊
(င) ပျောက်ဆုံးသွားသော သို့တည်းမဟုတ် ပျက်စီးသွားသော သက်သေခံ ကတ်ပြားများ အစား သက်သေခံ ကတ်ပြား အသစ်များကို အခကြေးငွေယူ၍ ထုတ်ပေးခြင်း၊
(စ) သက်သေခံ ကတ်ပြားများ ပြန်အပ်ခြင်း၊
(ဆ) မှတ်ပုံတင် စာရင်းမှ ထုတ်ပယ်သင့်သူများကို ထုတ်ပယ် ခြင်း စတဲ့အချက်တွေပါတဲ့အပြင် အဲဒီ သက်သေခံကတ် ရယူရေး၊ ဖြည့်စွက်ရမည့် အချက်တွေကို မမှန်မကန် လိမ်လည် ဖြည့်စွက် ရေးသား ခြင်း၊ ဖော်ပြခြင်း သက်သေခံ ကတ်ပြားနှင့် အထင်မှား စေလောက် အောင် ဆင်တူယိုးမှား ပြုလုပ်ထားသော စာရွက်စာတမ်း တစ်ခုခုကို လက်ရှိထားလျှင်သော်လည်းကောင်း၊ အရေးယူရမည့် ပြစ်ဒဏ်နှင့် ပတ်သက်တာတွေပါ ထည့်သွင်းစဉ်းစားရပါတယ်။ အခုခေတ်မှာ ဆိုရင် မိတ္တူတောင်းတဲ့ ကိစ္စမျိုးမှာ နိုင်ငံသားစိစစ်ရေးကတ်ကို မိတ္တူကူး အဲဒီအပေါ် ဖျက်ဆေး သို့မဟုတ် တစ်ခုခုနှင့်ဖျက်ပြီး ပြင်ရေးပြီးမှ မိတ္တူထပ်ကူးပြီး ပေးတတ်ကြတယ်။ စိစစ်တဲ့လူတွေ အထူးသတိထား ဖို့လိုပါတယ်။


မှတ်ပုံတင်မှာ ရေးသွင်းရမည့်အချက်တွေကတော့ -
(၁) အမည်
(၂) ယောက်ျား သို့တည်းမဟုတ် မိန်းမ
(၃) အသက်နှင့် မွေးဖွားသည့်နေ့ရက်
(၄) မွေးဖွားရာတိုင်းပြည်
(၅) နိုင်ငံသား
(၆) အလုပ်အကိုင်၊ အရောင်းအဝယ်
(၇) နေရပ်
(၈) အိမ်ထောင်ရှိလျှင် လင် သို့တည်းမဟုတ် မယားအမည်
(၉) ရေတပ်၊ အရန်လေတပ်၊ ကုန်းတပ်၊ အရန်ကုန်းတပ် သို့တည်းမဟုတ် လေတပ်၊ အရန်လေတပ်တွင် တပ်သားတစ်ဦးဖြစ် ကြောင်း သို့တည်းမဟုတ် နယ်စောင့်တပ်စစ်တပ် သို့တည်းမဟုတ် အကူတပ်များမှ တပ်သားတစ်ဦးဖြစ်ကြောင်း သို့တည်းမဟုတ် မြို့ပြ ကာကွယ်ရေးအဖွဲ့များ သို့တည်းမဟုတ် အရန်အဖွဲ့များတွင် အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း ဖော်ပြရပါတယ်။

အဲဒီအချက်တွေကို ဆွေးနွေးကြပြီးနောက် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်း ဥပဒေကို ရေးဆွဲကြပါတယ်။ ရေးဆွဲတဲ့ မူကြမ်းကို မြို့ပြ အက်ဥပဒေ နှင့် ပတ်သက်ပြီး ၃၁-၁-၅၂ နေ့မှာ ပြင်ဆင်ချက်ထည့်ပါတယ်။ တစ်ခါ သက်သေခံ ကတ်ပြားမှာ မှတ်ပုံတင် ကတ်ပြားနဲ့ မှတ်ပုံတင်ပုံစံ တွေမှာ ဓာတ်ပုံတွေ ကပ်ဖို့ပါရှိဖို့နဲ့ ဓာတ်ပုံရိုက်ကူးခွင့်နဲ့ ပတ်သက်ပြီး ၂၂-၉-၅၃ မှာ ပြင်ဆင်ဖြည့်စွက်မှု ပြုရပြန်ပါတယ်။ သက်သေခံ ကတ်ပြားနဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေ၊ လိုအပ်ချက်တွေ ပြင်ဆင်ဖြည့်စွက်ရပြန်တယ်။

မိတ်ဆွေ - ဒါဖြင့် မှတ်ပုံတင်ကတ်ပြားကို ဘယ်တော့မှ ထုတ်ပေးတာလဲဗျ။

မိမိ - ကျွန်တော်သိသလောက်တော့ ၁၉၅၈ ခုနှစ်လောက်မှ စတင် ထုတ်ပေးတယ်ဗျ။ အဲဒီမှတ်ပုံတင်ကတ် (သက်သေခံကတ်ပြား) ကို ၁၉၈၉ အထိ နောက်ဆုံးထုတ်ပေးခဲ့တယ်လို့ သိရတယ်ဗျ။ ကျွန်တော်တို့ကို ထုတ်ပေးတဲ့ မှတ်ပုံတင် ကတ်ပြားခေါ်တဲ့ သက်သေခံ လက်မှတ်မှာ ပါဝင်တဲ့ အချက်တွေကတော့
၁။ အမည်
၂။ အဘအမည်
၃။ ကျား/မ
၎။ မွေးဖွားသည့်နေ့ရက်
၅။ မွေးဖွားရာဒေသနှင့် နိုင်ငံသား
၆။ အလုပ်အကိုင်
၇။ အိမ်ထောင်ရေးအခြေအနေ
၈။ သက်သေခံအမှတ်အသားများ ... တို့ပဲဖြစ်ပါတယ်။
အပေါ်ဆုံးမှာတော့ ရဲဌာနအပိုင်၊ မြို့ရွာ၊ လမ်းအိမ်အမှတ်ပါ ပါတယ်။
မိတ်ဆွေ - ၁၉၈၂ ခုနှစ်မှာ နိုင်ငံသားစိစစ်ရေးကတ်တွေထုတ် ပေးတယ်ဆိုဗျ။ ဘာလို့ ၁၉၈၉ အထိ မှတ်ပုံတင်တွေထုတ်ပေးနေရ တာလဲ။



အမျိုးသား မှတ်ပုံတင် ကတ်ပြားနှင့် နိုင်ငံရေး စိစစ်ရေး ကတ်ပြား ခြားနားချက်



မိမိ - အဲဒါ ရှင်းပြရမှာပေါ့ဗျာ။ ကျွန်တော်တို့ နိုင်ငံတွင်းမှ နေထိုင်တဲ့ အရွယ်ရောက်သူတိုင်းမှာ သက်သေခံကတ်ပြား တစ်ခုမဟုတ် တစ်ခု ကိုင်ရတယ်ဗျာ။ နိုင်ငံခြားသားဆိုရင် နိုင်ငံခြားသားမှတ်ပုံတင် ကတ်၊ နိုင်ငံသားဆိုရင် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ဧည့်နိုင်ငံ သားကတ် သို့မဟုတ် နိုင်ငံသားပြုခွင့်ကတ် သို့မဟုတ် အမျိုးသားမှတ် ပုံတင်ကတ် သို့မဟုတ် ပြည်တွင်းခရီးသွားနိုင်ဖို့ ယာယီသက်သေခံ ကတ်ပြား ( White Card ) တစ်မျိုးမျိုးကိုင်ရတယ်ဗျာ။ မှတ်ပုံတင်လက် မှတ်ကို ၁၉၈၉ ခုနှစ်အထိ ထုတ်ပေးတယ်ဆိုပေမယ့် လျှောက်ထားသူ တွေဟာ ၁၅-၁၀-၈၂ မတိုင်မီ လျှောက်ထားခဲ့တဲ့ လူတွေဖြစ်ရမယ် လို့ သတ်မှတ် ထုတ်ပေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ စတင် အာဏာ တည်တဲ့နေ့ရက်ဟာ ၁၅-၁၀-၈၂ နေ့ဖြစ်လို့ပါပဲ။ ၁၅-၁၀-၈၂ မတိုင်မီ လျှောက်ထားခဲ့တယ် ဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေး ကြန့်ကြာခဲ့မှု တွေကြောင့် တစ် ကြောင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ထုတ် ပေးနိုင်ဖို့ စိစစ်ခြင်း၊ ထုတ် ပေးရန် သံသယရှိခြင်းတို့ကြောင့် မှတ်ပုံတင်ကတ်ကို ပြန်ထုတ်ပေးရ ခြင်းပဲဖြစ်ပါတယ်။

မိတ်ဆွေ - မှတ်ပုံတင် ကတ်ပြားနှင့် နိုင်ငံသား စိစစ်ရေးကတ် ဘာခြားနားလို့လဲဗျ။
မိမိ - ခြားနားတာပေါ့ဗျာ။ ကျွန်တော်တို့ပြောနေတဲ့ မှတ်ပုံတင် ကတ်ပြားဟာ တကယ်တော့ မည်သူမည်ဝါဖြစ်ကြောင်း၊ ဘယ်မှာ နေတဲ့လူဖြစ်ကြောင်း သက်သေခံတဲ့ ကတ်ပြားသာဖြစ်တယ်ဗျ။ ဒါကြောင့် ကျွန်တော်တို့ကို ထုတ်ပေးတဲ့ သုံးခေါက်ချိုး မှတ်ပုံတင်ကတ် ပြား ယောက်ျားလေးဆိုရင် အစိမ်း၊ မိန်းကလေးဆိုရင် ပန်းရောင်ဖြစ် ပြီး ကတ်ပြားရဲ့မျက်နှာစာ မျက်နှာဖုံးမှာ နိုင်ငံတော် တံဆိပ်အောက်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် စာတမ်း အဲဒီအောက်ကပ်လျက်အလယ် မှာ 'သက်သေခံကတ်ပြား'လို့ဖော်ပြထားတယ်။ အဲဒီအောက် စတုဂံ ပုံအကွက်ရှိပြီး အဲဒီအကွက်ထဲမှာ သက်သေခံ ကတ်နံပါတ်ကို ဖော်ပြ ရိုက်နှိပ်ပေးတယ်။ အဲဒီအောက်မှာ-

မှတ်ချက် ။ မည်သည့် နိုင်ငံသားဟု ဖော်ပြခြင်းမှာ လက်မှတ် ကိုင်ဆောင်သူသည် အကယ်စင်စစ် ထိုနိုင်ငံသားဖြစ်ကြောင်း သက်သေခံ အလျဉ်းမဖြစ်စေရလို့ ဖော်ပြပါရှိပါတယ်။

သက်သေခံ ကတ်ပြား အမှတ်စဉ်(၅)မှာ မွေးဖွားရာ ဒေသနှင့် နိုင်ငံသားဆိုတဲ့ စာသားအတွက် ရှင်းပြထားတာပါ။
ဒါကြောင့် မှတ်ပုံတင်ကတ်ပြားခေါ်တဲ့ သက်သေခံကတ်ပြား ကိုင်ဆောင်ထားရုံနဲ့ နိုင်ငံသားဖြစ်တယ်လို့ ပြောမရပါဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ထုတ်ပေးတဲ့ နိုင်ငံသား စိစစ်ရေးကတ် ' Citizenship scrutiny Card' ရရှိမှသာ နိုင်ငံသားဖြစ်ကြောင်း သက် သေခံ လက်မှတ်ရတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံသား စိစစ်ရေး လျှောက်ထားတဲ့အခါမှာ မိဘဘိုးဘွား မိသားစု ဇယားကစပြီး လက်ဗွေအစုံ ဓာတ်ပုံတွေပါ အပြည့်အစုံကပ်ပြီး လျှောက်ထားရတာ ပေါ့ဗျာ။
မိတ်ဆွေ - ခင်ဗျားပြောတဲ့ လက်ရှိ ၁၉၈၂ ခုနှစ် လဝက ဥပဒေပေါ်လာပြီးတော့ အရင် ၁၉၄၈ ခုနှစ် ဥပဒေတွေအရ နိုင်ငံသား လက်မှတ် ထုတ်ပေးတဲ့ ကိစ္စတွေက ပြီးသွားရောလား။
မိမိ - အဲဒါတွေပြတ်ချင်လို့ လွတ်လပ်ရေး ရတာလည်း ကြာပြီ ဖြစ်လို့ ၁၉၈၂ ဥပဒေကို ထုတ်ပြန်တာပဲ ၁၉၈၂ ဥပဒေ နောက်ဆုံးအပိုဒ် ဥပဒေပုဒ်မ ၇၆ မှာ ဒီလို ဖော်ပြထားတယ်ဗျ။
ပုဒ်မ ၇၆ - အောက်ပါ ဥပဒေတို့ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက် သည်။
(က) ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေး ချယ်ရေး)အက်ဥပဒေ
(ခ) ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား ပြစ်မှုအက် ဥပဒေ
သို့ပေမဲ့ မပြတ်တဲ့ ကိစ္စက ကျန်နေတယ်။ အဲဒီမပြတ်တဲ့ကိစ္စ ကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအပြင် ဧည့်နိုင်ငံသား လက်မှတ် နှင့် နိုင်ငံသားပြုခွင့် ရသူများအဖြစ် လက်မှတ်များ ဆက်ထုတ်ပေးဖို့ ဖြစ်လာတယ်။ အဲဒါ ၁၉၄၈ ခုနှစ် ဥပဒေများရဲ့ အကျိုးဆက်ပေါ့။ တစ်ခုတော့ရှိတယ်ဗျ။ ဒီဥပဒေ ပေါ်လာတဲ့အတွက် နိုင်ငံခြား သားတစ်ဦးဟာ ဒီနိုင်ငံမှာ ဘယ်လောက်ကြာကြာနေနေ သူ့တစ်သက် တော့ အလိုအလျောက် မြန်မာနိုင်ငံသားမဖြစ်တော့ဘူးဗျ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မတွေထဲက သိသင့်တာလေး တွေကို ကျွန်တော်ပြောပြမယ်။
ပုဒ်မ ၁၃။ နိုင်ငံသား တစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသား အဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။
၁၅ (က)။ နိုင်ငံသား တစ်ဦးသည် နိုင်ငံခြားသားနှင့် အိမ်ထောင် ပြုကာမျှဖြင့် နိုင်ငံသားအဖြစ်မှ အလိုအလျောက် မဆုံးရှုံးစေရ။
ပုဒ်မ ၁၅(ခ)။ နိုင်ငံခြားသား တစ်ဦးသည် နိုင်ငံသားနှင့် အိမ် ထောင်ပြုကာမျှဖြင့် နိုင်ငံသား အဖြစ် အလိုအလျောက် မရှိစေရ။
ပုဒ်မ ၁၆။ နိုင်ငံသားတစ်ဦး သည် နိုင်ငံတော်မှ အပြီးအပိုင် ထွက်ခွာလျှင် ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသား အဖြစ်ကို ခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူ လက်မှတ်ကို ထုတ်ယူလျှင် ဖြစ်စေ နိုင်ငံသား အဖြစ်မှ ရပ်စဲသည်လို့ ဖော်ပြထားတယ်။


ဧည့်နိုင်ငံသား


အဲဒီတော့ နယ်စပ်ဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသား မဟုတ်တဲ့ လူမျိုးတွေကို နိုင်ငံသားအဖြစ် နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေး ဖို့မှာ သံသယဖြစ်စရာ စဉ်းစား စရာတွေက အများကြီးပါ။ စောစောက ဆွေးနွေးခဲ့သလို ၁၈၂၃ ခုနှစ် မတိုင်မီကတည်းက မြန်မာနိုင်ငံမှာ အစဉ်တစိုက် မျိုးဆက် မပြတ် နေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့တိုင်းရင်းသားတွေနဲ့ သူတို့ရဲ့ မျိုးနွယ်စုထဲမှာပါတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာပါတဲ့သူတွေက တော့ သွေးအရ မွေးရာပါနိုင်ငံသားတွေပေါ့။ ၁၉၄၈ ခုနှစ် ပြည်ထောင် စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)ဥပဒေနှင့် မြန်မာနိုင်ငံသား ဖြစ်မှုဥပဒေအရ နိုင်ငံသားဖြစ်လာကြတဲ့ နိုင်ငံခြားသားများနဲ့ သွေး နှော နိုင်ငံခြားသားတွေကတော့ ဥပဒေပါခွင့်ပြုချက်အရ နိုင်ငံသား တွေပေါ့။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်မှုအက်ဥပဒေအရ နိုင်ငံ သားဖြစ်ရန် လျှောက်ထားသူများ (လျှောက်ထားပြီးသူများဖြစ်သော် လည်း ခွင့်ပြုချက်မရသေးသူများ)သည် သတ်မှတ်ချက်များနှင့် အရည်အချင်းများကို ကိုက်ညီပါက ဧည့်နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်ပါတယ်။ ဧည့်နိုင်ငံသားလက်မှတ်တွင် လျှောက်လွှာ၌ ဖော်ပြထားသော သားသမီး၏အမည်ကို ဗဟိုအဖွဲ့က ထည့်သွင်းနိုင် ပြီး အမည်ထည့်သွင်းပေးခြင်းခံရတဲ့ သားသမီးသည် ဧည့်နိုင်ငံသား ဖြစ်ပါတယ်။



နိုင်ငံသား ပြုခွင့်ရသူ ဖြစ်ခြင်း



ပုဒ်မ (၄၂) ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီ ကာလတွင် နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီးသည် ၁၉၄၈ ခုနှစ် ပြည် ထောင်စုမြန်မာနိုင်ငံသား ဖြစ်မှုအက်ဥပဒေအရ လျှောက်ထားရန် ကျန် ရှိနေကြောင်းခိုင်လုံမှသာ အထောက်အထားများဖြင့် ဗဟိုအဖွဲ့သို့ နိုင်ငံသားပြုခွင့် ရရန်လျှောက်ထားနိုင်သည်လို့ ဆိုထားပါတယ်။ နိုင်ငံ သားပြုခွင့်လျှောက်ထားနိုင်သူတွေကတော့ ပုဒ်မ ၄၃။ ဤ ဥပဒေ အာဏာတည်သည့် နေ့မှစ၍ (၁၅-၁၀-၁၉၈၂) နိုင်ငံတော်အတွင်း၌ဖြစ်စေ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွား သည့်အောက်ပါ သူတို့သည်လည်း နိုင်ငံသားပြုခွင့်ရရန် လျှောက်ထား နိုင်သည်။
(က) နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ
(ခ) ဧည့်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ
(ဂ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူ များ
(ဃ) နိုင်ငံခြားသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ
(င) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေး ဖွားသူများလို့ ဖော်ပြထားပါတယ်။
မိတ်ဆွေ - ခင်ဗျားပြောတဲ့ ဗဟိုအဖွဲ့ဆိုတာက ဘာအဖွဲ့လဲဗျ။ ဘယ်သူတွေပါသလဲ။
မိမိ - ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၄ မြန်မာ နိုင်ငံသား ဥပဒေအခန်း(၆) ဗဟိုအဖွဲ့နဲ့ပတ်သက်ပြီး ဥပဒေပုဒ်မ- ၆ရ မှာ ဗဟိုအဖွဲ့မှာ ပြည်ထဲရေး ဝန်ကြီးက ဥက္ကဋ္ဌအဖွဲ့ဝင် နှစ်ဦးက ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ပေါင်း သုံးဦးဖြင့်ဖွဲ့စည်းပေးခဲ့ပြီး အဲဒီဖွဲ့စည်းပုံကို နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်မှာ နဝတဥပဒေ အမှတ် ၄/၉ရ (ရက်စွဲ- ၂.၃.၉၇)အရ ပုဒ်မ ၆ရကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
(က) ဥက္ကဋ္ဌ - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနဝန်ကြီး
(ခ) အဖွဲ့ဝင်- ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး
(ဂ) အဖွဲ့ဝင်- ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး
(ဃ) အဖွဲ့ဝင်- နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး
(င) အတွင်းရေးမှူး ဥက္ကဋ္ဌမှ တာဝန်ပေးအပ်သူ
မိတ်ဆွေ - ကဲခင်ဗျား ပြောသလို ဧည့်နိုင်ငံသားဖြစ်မှုနဲ့ နိုင်ငံသားပြုခွင့်ရသူ ပြစ်မှုတို့အတွက် ၁၉၄၈ ခုနှစ်ဥပဒေများရဲ့ အကျိုး ဆက်နောက်ဆက်တွဲလို့ ပြောသွားခဲ့တယ်။ ဒါဖြင့် ကျွန်တော်တို့ရထား တဲ့ နိုင်ငံသားဖြစ်ဖို့ အရည်အချင်းတွေကို ဥပဒေကဘယ်လိုသတ်မှတ် ခဲ့သလဲဗျ။
မိမိ - ခင်ဗျားကို သွေးအရတိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးကမွေးဖွားသူတွေဟာ မွေးရာပါနိုင်ငံသားတွေဖြစ်ကြောင်းပြောပြီး ပြီ။ တစ်ခါဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတွေအကြောင်း ပြော ပြီးပြီ၊ အဲဒီအပေါ်အခြေခံပြီး နိုင်ငံသားအဖြစ်သတ်မှတ်ပုံကတော့ ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေအခန်း(၂) အက်ဥပဒေအမှတ် (၇) မှာ နိုင်ငံတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် အောက်ပါသူတို့သည် နိုင်ငံသားဖြစ်သည်လို့ဆိုထားတယ်။ အဲဒါတွေ ကတော့ -
(က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ
(ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသူများ
(ဂ) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှမွေးဖွား သူများ
(ဃ) ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောသားသမီးနှင့်
(၁) နိုင်ငံသား သို့မဟုတ်
(၂) ဧည့်နိုင်ငံသား သို့မဟုတ်
(၃) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများလို့ အတိ အလင်းဖော်ပြထားပါတယ်။ အဲဒီတော့ နိုင်ငံသားဖြစ်ဖို့ မလွယ်သလို ဖြစ်နေတဲ့လူတိုင်းကိုလည်း မတရားရထားသူတွေလို့ အရမ်းပြောလို့ မရပါဘူး။ သူတို့ရဲ့မိဘအဆက်အနွှယ်အရ နိုင်ငံသားလက်မှတ် တစ် မျိုးမျိုးကို ၁၉၄ရ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေး ၁၉၄၈ ခုနှစ်ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေနဲ့ ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ်(ရွေးချယ်ရေး)အက်ဥပဒေများ အရ နိုင်ငံသားလက်မှတ်တစ်မျိုးမျိုးကို ဥပဒေပါခွင့်ပြုချက်ဖြင့် ရယူ ပိုင်ဆိုင်ခဲ့သူများဟုတ်၊ မဟုတ် မသိဘဲနဲ့ နိုင်ငံသား လက်မှတ်ဆိုတာ ငွေပေးရင် ရတယ်လို့တော့ မမှတ်သင့်ဘူးဗျ။

မိတ်ဆွေ - ခင်ဗျားက လဝကဘက်ကရှေ့နေလိုက်တာလား ဗျာ။
မိမိ - ခင်ဗျားအဲဒီလိုထင်ရင်မှား ပေါ့ဗျာ။ ကျွန်တော်တို့ လဝက တွေထဲမှာလည်း ဖောက်ပြန်တဲ့လူတွေရှိကောင်း ရှိမှာပေါ့ဗျာ။ အားလုံး တော့ သိမ်းကျုံးမထင်လိုက်ပါနဲ့ အထူးသဖြင့် နယ်စပ်မှာတိုင်းရင်း သားတွေ ရောထွေးနေလို့ တချို့ဝန်ထမ်းတွေ နားမလည်တာလည်း ပါတာပေါ့။ ဥပမာ- ရှမ်းတရုတ်နယ်စပ်က လီရှောလူမျိုးတို့၊ တနင်္သာရီ အောက်ပိုင်းက ပသျှုးလူမျိုးတို့ဟာ အဲဒီဒေသတွေမှာ ရောထွေးနေ တော့အမှတ်တမဲ့ ကိုယ့်တိုင်းရင်းသားတွေလို့ပဲထင်မိတတ်တာလည်း ရှိသေးတယ်။ ကျွန်တော်ကတော့ ဗြဟ္မစိုရ်တရား လေးပါးထဲမှာ ဥပေက္ခာတရားနည်းတယ်လို့ပဲဆိုချင်ဆို မဟုတ်တာလုပ်တဲ့လူမဟုတ် တာဖြစ်စေချင်တယ်ဗျ။ ချမ်းသာချင်ရင်- ငွေလိုချင်ရင်- သူဌေးဖြစ် ချင်ရင်- အစကတည်းက ဝန်ထမ်းမလုပ်နဲ့ စီးပွားရေးသမားလုပ်၊ ကြိုက်သလောက် ချမ်းသာပါစေ ဥပဒေနဲ့ညှိစွန်းရင် သူဖြစ်သူခံပေါ့ ဘာမှပြောစရာမလိုဘူး ဝန်ထမ်းလုပ်ပြီး ချမ်းသာချင်နေလို့ကတော့ ချမ်းသာနေလို့ကတော့ မိဘအမွေရထားသူလည်းမဟုတ်ဘဲနဲ့ တခြား စီးပွားရေးလုပ်ငန်းကြီးလည်းရှိနေတဲ့တရားဝင် ဝင်ငွေတွေရထားသူ လည်းမဟုတ်ဘဲနဲ့တော့ ဒီကောင် လုပ်ငန်းအပေါ်မတရားတဲ့နည်းနဲ့ လာဘ်ရှာထားလို့ပဲလို့ မှတ်ချက်ချမိသည်။ တကယ်တော့ လဝကဆို တာ တိုင်းပြည်ရဲ့တံခါးမှူးများ တံခါးများဖြစ်သလို အမျိုးကိုစောင့် စည်းရမယ့် လူများလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်အလုပ် ပေါ် သစ္စာမစောင့်တဲ့လူတွေကို တိတိကျကျဖော်ထုတ်ပြီး လူသိရှင် ကြား ရာထူးကြီးငယ်မရွေး အရေးယူစေချင်တယ်ဗျ။ လူအများကိုတရား ပြပြီး သူတော်ကောင်းယောင်ဆောင်နေပြီး သူတို့နဲ့ပတ်သက်တဲ့ လာဘ် ပေးတဲ့လူအပေါ်ကျတော့ ဟိုဟာကနင့်အမေ ဒီဟာကငါ့အမေဟဲ့လို့ ဘက်လိုက်တတ်သူ တွေကို အလုပ်ဖြုတ်ပစ် ရုံသာမက ထောင်ပါချသင့် တယ်ဗျ။
မိတ်ဆွေ - ခင်ဗျားဟာက လွန်လှချည်လား။
မိမိ - မလွန်ဘူးဗျ တချို့ဝန်ထမ်းတွေထဲမှာ ဒါ(လဝက)တစ်ခု တည်းကို ပြောတာမဟုတ်ဘူးနော်။ တချို့ဝန်ထမ်းတွေဟာ ဝန်ထမ်း ဘဝမှာမဟုတ်မဟပ်ရှာထားတာတွေကို သိန်းပေါင်းထောင်သောင်း မကချမ်းသာသွားကြတယ်။ သူတို့ပိုင်ဆိုင်မှုဟာ သားစဉ်မြေးဆက် တိုက်ကြီးတာကြီးတွေ၊ မြေကွက်တွေဘယ်နှကွက်တောင် ရထားလည်း မသိဘူး။ ရိုးရိုးသားသား အမှုထမ်းခဲ့တဲ့ အမှုထမ်းတွေကတော့ အနှစ် ၄၀ လောက်လုပ်ခဲ့တာတောင် ရတဲ့ဆုကြေးက သူတို့တိုက်ကြီး တာ ကြီးတွေကာရံထားတဲ့ အုတ်တံတိုင်းတန်ဖိုးတောင်မရှိဘူး။ တစ်သက် လုံးရတဲ့လစာကို မစားဘဲနဲ့စုထားရင်တောင် ဒီလောက်မရှိနိုင်ဘူး။ ဒီလိုလူတွေကို ရာထူးကြီးငယ်မရွေး ဖော်ထုတ်၊ ထောင်ချပြီး ပစ္စည်း သိမ်းသင့်တယ်ဗျ။ ရာထူးဖြုတ်ရုံလောက်နဲ့တော့ ကျူးလွန်တဲ့ပြစ်မှု နှင့် ချမှတ်တဲ့ပြစ်ဒဏ်မမျှတဘူး။
လောကပါလတရားနတ်စောင့်တယ် ဆိုတာ မဟုတ်ဘူးဖြစ်နေတယ်။
မိတ်ဆွေ - တော်လောက်ပါပြီဗျာ။ ခင်ဗျားလည်းပြောရင်းနဲ့ မကျေနပ်သံတွေပါနေတယ်။
မိမိ - ဟုတ်ပါတယ်ဗျာ။ မကျေနပ်ရင် ဒေါသတဲ့၊ ဒေါသဆိုတာ အကုသိုလ်ပါပဲ။ အဲဒီတော့ ဒီနေ့ရခိုင်ပြည်နယ်က စတဲ့ ဆွေးနွေးမှု အဆုံးသတ်ပါမယ်။ အဆုံးမသတ်မီ တစ်ခု သတိရသဗျ ဘာလဲဆို တော့ ကျွန်တော်တို့ ပြည်သူတွေက ဥပဒေတစ်ရပ် ပေါ်ထွက်လာရင် လည်း သိပ်စိတ်မဝင်စားဘူးဗျ။ ခေါင်းစဉ်လောက်ပဲဖတ်သွားတယ်။ တစ်ခါက ကျွန်တော့မိတ်ဆွေ ဒုညွှန်ကြားရေးမှူးတစ်ယောက် (အခြား ဌာနတစ်ခုမှ)နဲ့စကားပြောရင်းက နိုင်ငံသားစိစစ်ရေးကတ်အကြောင်း ပြောတော့ သူ့မှာ အဲဒီ ကတ်ပြားမရှိဘူးတဲ့၊ မှတ်ပုံတင်ကတ်ပြားပဲရှိ တယ်တဲ့။ ကျွန်တော်က ခင်ဗျား အဲဒါမဖြစ်မနေ လဲရမယ် မှတ်ပုံတင် ကတ်က နိုင်ငံသားဖြစ်ကြောင်း အာမခံတာ မဟုတ်ဘူးလို့ပြောတော့ ဒါဆိုခင်ဗျားတို့မှာ တာဝန်ရှိတာပေါ့။ တခြားဌာနက လူတွေပါ သိအောင် ပြောရမှာပေါ့တဲ့။ ကျွန်တော်က ခင်ဗျားအရာရှိတစ်ယောက်ဖြစ်နေပြီး ဥပဒေရဲ့ သဘောကို နားမလည်သေးဘူးလား၊ ဥပဒေဆိုတာ လက်တို့ ပြီး ပုန်းလျှိုးကွယ်လျှိုးထုတ်လို့ရတာမဟုတ်ဘူးဗျ။ ဥပဒေဆိုတာ ပြည်သူ့လွှတ်တော် ဒါမှမဟုတ် နိုင်ငံတော်အကြီးအကဲ နိုင်ငံတော် သမ္မတ စသည်တို့က ကြေညာထုတ်ပြန်ရတာမျိုးဖြစ်တယ်။ နေ့စဉ် ထုတ် သတင်းစာတွေမှာ အသေးစိတ်ဖော်ပြရတယ်။ ခင်ဗျားမသိဘူး လို့ ပြောလို့မရဘူးဗျ။ ခင်ဗျားကျိုင်းတုံကို ရောက်ဘူးသလား၊ ကျိုင်းတုံမှာလူအများမြင်သာတဲ့ မြို့ရဲ့အချက်အချာနေရာတွေမှာ စာလုံးအကြီး ကြီးတွေ (အချင်းတစ်ပေခန့်) နဲ့ရေးထားတယ်။ 'ဥပဒေကို သင်ကမသိဟုဆိုကာမျှနဲ့ ဥပဒေကသင့်အားခွင့်လွှတ်လိမ့်မည် မဟုတ်' လို့ရေးထားတယ်။ အဲဒါဥပဒေရဲ့သဘောပဲ။ ခင်ဗျားအတွက် ပြောတာ ခင်ဗျားဟာခင်ဗျား ဒီမှတ်ပုံတင်ကတ်ပြားကို နိုင်ငံသား စိစစ်ရေးကတ်ပြားနဲ့ လဲချင်လဲ မလဲချင်လည်းနေလို့ ပြောပစ်လိုက် တယ်။ လူတွေကကိုယ်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ ဥပဒေလောက်ကိုပဲ စိတ်ဝင်စားတယ်။ တစ်မျိုးသားလုံးနှင့်ဆိုင်တဲ့ကိစ္စတွေကို စိတ်မဝင် စားဘူး။ နိဂုံးချုပ်အားဖြင့် ဝန်ထောက်ဦးမြဲရဲ့ 'မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်' ဆိုတဲ့ဆောင်ပုဒ်နှင့် ဝန်ထမ်းတွေကို သတိပေးထားသလို ကျွန်တော်ကတော့ မောင်တော၊ ဘူးသီးတောင် သာမက နယ်စပ်တွေမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေအားလုံး ဝန်ထမ်း အားလုံးကို အမျိုးပျောက်မှာ စိုး ကြောက်လှပါတယ် လို့ပဲ စိုးရိမ်စိတ်နဲ့ ပြောကြားရင်း နိဂုံးချုပ်ပါရစေတော့ဗျာ။   အားလုံးသိသင့်တယ်ထင်လို့ ရှယ်ယားရင်းလုပ်လိုက်တာပါခင်ဗျာ။


No comments:

Post a Comment