Saturday, June 16, 2012

လူမျိုးတုန်းသတ်ဖြတ်မှု(Genocide) ဆီ ဦးတည်နေပြီလား ...

 လူမျိုးတုန်းသတ်ဖြတ်မှု(Genocide) ဆီ ဦးတည်နေပြီလား

ယဉ်ကျေးမှုတိုင်းလိုလိုမှာ လူမျိုး၊ဘာသာ၊နိုင်ငံသား၊အသားအရောင်၊လိင် စတဲ့ ကွဲပြားခြားနားမှုတွေကို အခြေပြုပြီး ငါတို့နဲ့သူတို့ဆိုတဲ့ '' Us and Them'' ခွဲခြားမှုတွေရှိတတ်ပါတယ်။ ရန်၊ ငါ စည်းခြားတယ်လို့လဲ ဆိုနိုင်တာပေါ့။ ငါတို့ ဂျာမာန်တွေ၊ သူတို့က ဂျူးတွေ၊ ငါတို့က ဟူတူတွေ၊ သူတို့က တွတ်စီတွေ စသည်ဖြင့် လူလူချင်းအမျိုးအစားခွဲခြားလိုက်ခြင်း (Classification) ဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများ ဖြစ်ရခြင်းရဲ့ အစမှတ်လို့ဆိုနိုင်ပါတယ်။ ရောယှက်နေသော ဆက်နွယ်မှုတွေရှိမနေတဲ့ လူမျိုးစုနှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုပြီးရှိကြတဲ့ နိုင်ငံတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်နိုင်ချေများပါတယ်။ ဒီလိုမဖြစ်ဖို့ ကာကွယ်နိုင်ချေရှိတဲ့ အဓိကစွမ်းအားကတော့ လူမျိုးရေးခွဲခြားမှုတွေ၊ အသားရောင်ခွဲခြားမှုတွေကိုကျော်လွန် သွားတဲ့၊ အချင်းချင်းအပြန်အလှန် စိတ်ရှည်သည်းခံမှုနဲ့ နားလည်မှုတွေကို တိုးပွားစေတဲ့၊ ပိုင်းခြားမှုတွေကို ကျော်သွားတဲ့ အမျိုးအစားခွဲခြားခြင်းကိုသာအားပေးတဲ့ ကမ္ဘာလုံးဆိုင်ရာ အစုအဖွဲ့၊ အဆောက်အအုံတွေ ဖွံ့ဖြိုးလာဖို့ပဲဖြစ်ပါတယ်။ အဲဒီ့လို့ဖွံ့ဖြိုးလာခြင်းက ဘုံရပ်တည်ချက်တွေကို မဖြစ်မနေရှာဖွေလာရပြီး ... အဲဒီ့အချက်ကိုက လူမျိုးတုန်းသတ်ဖြတ်မှုတွေကို တားဆီးနိုင်တဲ့ အဓိကစွမ်းအားဖြစ်လာပါတယ်။ အရိုးဆုံး နဲ့ အရှင်းဆုံးပြောရရင်တော့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေများများလုပ်ပြီး အချင်းချင်းနွယ်ယှက်နေသော အကျိုးစီးပွားတွေ များများရှိနေတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြဖို့ပါ။
အမျိုးအစားခွဲခြားခြင်း (Classification) ဟာ အမျိုးအစားခွဲခြားထားရုံနဲ့တော့ သိပ်ပြဿနာမရှိသေး ပါဘူး။ သူ့နောက်ကနေ ထပ်ချပ်မကွာလိုက်လာတဲ့ ... အမည်တပ်တံဆိပ်ကပ်ခြင်း (Symbolization) ကြောင့် အခြေအနေတွေက ပိုပြီးရှုပ်ထွေးလာပါတယ်။ အုပ်စုတစ်ခုခုက အခြားအုပ်စုတစ်ခုခုကို အမည်နာမတစ်ခု ဒါမှမဟုတ် တံဆိပ်တစ်ခုကပ်လိုက်ပါတယ်။ အသားအရောင်ကိုလိုက်ပြီးဖြစ်စေ၊ အဝတ်အစားကိုလိုက်ပြီး ဖြစ်စေ၊ မတူညီသော ဘာသာရေး၊ ယဉ်ကျေးမှုတွေကို လိုက်ပြီးဖြစ်စေ အခြားသူများကို အုပ်စုတစ်စုထဲ သွတ်သွင်းလိုက်ပြီး ... သူတို့ဟာ ဂျူးတွေပဲ၊ သူတို့ဟာ ဂျစ်ပစီတွေပဲ၊ သူတို့ဟာ နီဂရိုးတွေပဲ စသည်ဖြင့် တံဆိပ်တစ်ခုကပ်လိုက်ခြင်းအားဖြင့် ... ခွဲခြားမှုဟာပိုပြီး ပီပြင်ထင်ရှားလာပါတယ်။ နာဇီတွေအုပ်စိုးစဉ်ကာလက ဂျူးတိုင်းကို အ၀ါရောင်ကြယ်ပုံတံဆိပ်တပ်ခိုင်းထားတာမျိုး၊ ကမ္ဘောဒီယားမှာ ခမာနီတွေအုပ်စိုးစဉ်ကာလက အရှေ့ပိုင်းဇုံမှာရှိတဲ့ လူတွေကိုအပြာရောင်လည်စည်းစီးပေးထားတာမျိုးတွေ ဟာ ထင်ရှားတဲ့ ဥပမာတွေ ဖြစ်ပါတယ်။ အခုပြောသွားပြီးဖြစ်တဲ့ အမျိုးအစားခွဲခြားခြင်းနဲ့ အမည်တပ်တံဆိပ်ကပ်ခြင်း နှစ်ခုဟာ လူသားတွေလုပ်လေ့လုပ်ထရှိတဲ့အလုပ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့လုပ်ရပ်မျိုးတွေလုပ်ဆောင်ခြင်း (Dehumanization) ဆိုတဲ့ နောက်တစ်ဆင့်ကို ဦးမတည်သေးသရွေ့တော့ မျိုးတုန်းသတ်ဖြတ်ခြင်းတစ်ခု ဖြစ်မလာနိုင်ပါဘူး။ အမည်အမှတ်တံဆိပ်တပ်ခြင်းတွေ ပပျောက်ဖို့ကတော့ မုန်းတီးမှုကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတတွေကို တရားဥပဒေအရကို တားမြစ်ဖို့လိုပါတယ်။ ဂိုဏ်းကဏ္ဍတစ်ခုခုကိုကိုယ်စားပြုတဲ့ အ၀တ်အစားတွေ ဝတ်ဆင်ခြင်းကိုလဲ ကန့်သတ်သင့်ပါတယ်။ ပြဿနာတစ်ခုရှိတာက ဥပဒေအရကန့်သတ်တားမြစ်ခြင်းတွေဟာ လူကြိုက်များနေတဲ့ ယဉ်ကျေးမှုဆိုင်ရာအင်အားတွေရဲ့ ထောက်ပံ့မှုမျိုးကိုမရတဲ့ အခါ အရာမထင်တတ်ပါဘူး။ ဥပမာအားဖြင့် ... ဟူတူ၊ တွတ်စီ စတဲ့စကားလုံးတွေဟာ ... ၁၉၈၀ခုနှစ်အထိ ရဝမ်ဒါဘာသာစကားအရ တားမြစ်ကန့်သတ်ထားပေမယ့် ... အများကလက်ခံသုံးစွဲ ခဲ့တာကြောင့် အတည်ဖြစ်ခဲ့ပါတယ်။
တတိယအဆင့်ဖြစ်တဲ့ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်း (Dehumanization) ဖြစ်စဉ်ကတော့ အားကြီးတဲ့ အုပ်စုက အားနည်းတဲ့ အုပ်စုရဲ့ လူသားဖြစ်တည်မှုကို ငြင်းဆန်ချင်လာရာကနေ စပါတယ်။ အမျိုးအစား ခွဲခြားပြီး အမည်တံဆိပ်တစ်ခုခုတပ်လိုက်တဲ့ အစုအဖွဲ့လေးတွေကို တိရစ္ဆာန်တွေ၊ ရောဂါသည်တွေ၊ အဆင့်နိမ့်သူတွေ နဲ့ တတန်းတစားတည်းထားလိုက်ပြီး ... လူသားအဖြစ်ကနေ ယုတ်လျော့သူတွေအဖြစ် သတ်မှတ်လိုက်ကြပါတယ်။ လူဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းဟာ ... သာမာန်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေထက် အများကြီးပိုဆိုးပါတယ်။ အဲဒီ့အဆင့်မှာဆိုရင် ... အမုန်းတရားကိုတိုးပွားစေတဲ့ ၊ ဒေါသကိုလှုံ့ဆော်ပေးတဲ့ ဝါဒဖြန့်စာတွေ၊ ပုံတွေ၊ အသံလွှင့်မှုတွေကို ခပ်များများသုံးလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ... လူထုအနေနဲ့ မြင်ရကြားရသမျှတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု တွေကိုဦးတည်တဲ့ လှုံ့ဆော်မှုတွေလား၊ အမှန်တကယ် လူထုကို ကာကွယ်စောင့်ရှောက်လိုစိတ်နဲ့ ပြောတာတွေလားဆိုတာကို ခွဲခြားတတ်ဖို့လိုပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ကြတဲ့ လူ့အဖွဲ့အစည်းတွေမှာ ... လှုံ့ဆော်မှုတွေကို တန်ပြန်ချေဖျက်ပစ်နိုင်တဲ့ စည်းစနစ်ကျသော၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်သော ကာကွယ်မှု၊ သတင်းထုတ်ပြန်မှုတွေအားနည်း တာကိုတွေ့ရပါတယ်။ လှုံ့ဆော်မှုတွေ တောက်လျှောက်လုပ်နေတဲ့ အမုန်းတရားတိုးပွားစေသော ဝါဒဖြန့်မှုတွေကို အမြန်ဆုံးတားမြစ်ကန့်သတ်နိုင်ဖို့ အရေးကြီးပါတယ်။ အမုန်းတရားနဲ့ ကျူးလွန်သော ရာဇ၀တ်မှုတွေ၊ ကြီးနိုင်ငယ်ညှင်းသတ်ဖြတ်မှုတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဖို့လဲ လိုအပ်ပါတယ်။
အမျိုးအစားခွဲခြားခြင်း၊ တံဆိပ်ကပ်ခြင်း၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းစတဲ့ အဆင့်တွေနောက် မှာတော့ မိမိတို့ မဟုတ်သော အခြားအုပ်စုကို နှိပ်ကွပ်ဖျက်သိမ်းပစ်လိုတဲ့ အစုအဖွဲ့တစ်ခုခုက ... နောက်လာမယ့်အဆင့်တွေကို လုပ်နိုင်ဖို့အတွက် ... အခိုင်အမာဖွဲ့စည်းခြင်း (Organization) ဆိုတဲ့ အလုပ်ကို စလုပ်ပါတော့တယ်။ များသောအားဖြင့် ... လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အစိုးရတစ်ရပ်ရပ်(သို့မဟုတ်) အကြမ်းဖက်အုပ်စုတစ်ခုခုက စုစည်းဆောင်ရွက်တာဖြစ်ပါတယ်။ ပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကျူးလွန် ဖို့အတွက် တိုက်ခိုက်ရေးအစုအဖွဲ့လေးတွေဖွဲ့ပြီး လေ့ကျင့်ပေးတာမျိုး၊ လက်နက်တပ်ဆင်ပေးတာမျိုးတွေ ကိုစတင်ဆောင်ရွက်ပါတယ်။ နောက်ပြီး ... လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် အစီအစဉ်ကို စနစ်တကျရေးဆွဲပါတယ်။ ဒီလိုအဆင့်မျိုးကို ကာကွယ်ဖို့ကတော့ ... အဲဒီ့လိုလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး တရားဥပဒေအရ အပြစ်ပေးဖို့ပဲဖြစ်ပါတယ်။
အုပ်စုများခွဲထုတ်ခြင်း (Polarization) လို့ခေါ်တဲ့ဖြစ်စဉ်မှာတော့ ... အစွန်းရောက်တွေက အမုန်းတရားကို တိုးပွားစေတဲ့ ဝါဒဖြန့်မှုတွေကိုသုံးပြီး အုပ်စုတွေအများကြီးဖြစ်အောင်ခွဲထုတ်လိုက်ပါတယ်။ အချို့နိုင်ငံတွေမှာဆိုရင် ... လူမျိုးခြားမယူရ၊ လူမျိုးခြားနှင့်မဆက်ဆံရ စတဲ့ ဥပဒေတွေတောင်ထုတ်ပြန်လေ့ ရှိပါတယ်။ အစွန်းရောက်သမားတွေဟာ ... ကြားအမြင်ရှိသူတွေကိုလည်း ပစ်မှတ်အဖြစ်သတ်မှတ်ပါတယ်။ ဒါကြောင့် ... ကြားအမြင်ရှိသူတွေကိုကာကွယ်ခြင်း၊ အစွန်းမရောက်သော သမာသမတ်ကျတဲ့အမြင်မျိုးတွေကို များများပြန့်နှံ့စေခြင်းနဲ့ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီခြင်းအားဖြင့် ... အစွန်းရောက်အမြင်တွေကနေ ကင်းလွတ်နိုင်ပါတယ်။ အစွန်းရောက်သမားတွေဟာ ... ပစ်မှတ်အဖြစ်သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုခုကို သူတို့ရဲ့ကွဲပြားခြားနားမှုတွေကို အကြောင်းပြု ခွဲခြားရွေးထုတ်(Identification)ပြီး သတ်ဖြတ်ရမယ့် စာရင်းကိုပါ ရေးဆွဲလေ့ရှိပါတယ်။ ကျူးလွန်ခံကြရတော့မယ့် လူအုပ်စုဟာ တံဆိပ်တစ်ခုခုကပ်ခံရတာမျိုး၊ တစ်နေရာရာကို အတင်းပို့ခံရတာမျိုးတွေဖြစ်လာပါတယ်။ နာဇီတွေဂျူးလူမျိုးတွေအားလုံးကို ... ချွေးတပ်စခန်းတွေဆီပို့တာမျိုး၊ ဂတ်တိုလို့ခေါ်တဲ့ သီးခြားရပ်ကွက်တွေဆီပို့တာမျိုး၊ စားနပ်ရိက္ခာခေါင်းပါးပြီး ငတ်ပြတ်သေသွားနိုင်တဲ့ နေရာတွေဆီ အင်အားသုံးပို့ဆောင်တာမျိုးတွေဟာခွဲခြားရွေးထုတ်ခြင်း (Identification) ရဲ့လက္ခဏာတွေဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေဟာလျှင်လျှင်မြန်မြန်တရားဝင် စတင်လာပါတော့တယ် ...။ ဒီဖြစ်စဉ်ကို သတ်ဖြတ်သူတွေဘက်ကတော့ သူတို့ရဲ့ ပစ်မှတ်သားကောင်တွေကို လူအဖြစ်မသတ်မှတ်တော့တာကြောင့် အမြစ်ဖြတ်ချေမှုန်းခြင်း (Extermination) လို့အမည်တပ်ကြပါတယ်။ အဲဒီ့လိုအဖြစ်အပျက်မှာ ကျူးလွန်ခံရတဲ့သူတွေဘက်က ရှိတဲ့အားနဲ့ ပြန်ပြီးတုံ့ပြန်တာမျိုးတွေဖြစ်လာတဲ့အခါ အပြန်အလှန်သတ်ဖြတ်မှုတွေဖြစ်လာပြီး နှစ်ဦးနှစ်ဖက်လူမျိုးတုံးသတ်ဖြတ်ခြင်း သံသရာထဲကို ကျရောက်သွားနိုင်ပါတယ်။
နောက်ဆုံးအဆင့်အနေနဲ့တော့ ... (Denial) လို့ခေါ်တဲ့ ငြင်းပယ်ဖုံးကွယ်ခြင်းအဆင့်ဖြစ်ပါတယ်။ ဒါဟာ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဖြစ်စဉ်တွေ အပြီးမှာ ကျူးလွန်သူတွေတိုင်းလိုလိုပြုလုပ်တတ် ကြတဲ့အဆင့်ဖြစ်ပါတယ်။ သတ်ဖြတ်ခံရသူတွေရဲ့ အသက်မဲ့ခန္ဓာတွေကို ကျင်းကြီးတွေတူးပြီး မြှုတ်နှံခြင်း၊ မီးရှို့ဖျက်စီးခြင်း၊ အထောက်အထားတွေကို ဖြောက်ဖျက်ခြင်း၊ မျက်မြင်သက်သေများအား ခြိမ်းခြောက်နှုတ်ပိတ်ခြင်း တွေကိုပြုလုပ်လေ့ရှိပါတယ်။ နောက်ပြီး ... သူတို့ဟာ သူတို့တွေ ပြစ်မှုကျူးလွန်ခဲ့ကြတယ်ဆိုတာကို ငြင်းဆန်တတ်ကြပြီး ... အမြဲလိုလို အကျူးလွန်ခံရသူတွေအပေါ် ပြစ်တင်ပြောဆိုတာမျိုးတွေလုပ်တတ်ပါတယ်။ ကျူးလွန်သူအများစုဟာ ... ပြဿနာကိုအမြဲရှောင်လွှဲပြီး အခြားသူတွေအပေါ်ပုံချဖို့ကြိုးစားတတ်ကြပါတယ်။
ကျနော်တို့တိုင်းပြည်မှာ အခုဖြစ်နေတဲ့ အဖြစ်အပျက်တွေဟာ ... လူမျိုးတုန်းသတ်ဖြတ်မှုတွေဆီ ဦးတည်သွားနိုင်လား ...။ ဦးတည်နေတယ်ဆိုရင်လည်း အဲဒီ့လိုမဖြစ်ရအောင် ကျနော်တို့တွေဘယ်လိုကာကွယ်ကြမလဲ။ ကျနော်တို့နိုင်ငံအနေနဲ့ အထက်မှာရေးထားတဲ့ အဆင့်တွေထဲက ဘယ်အဆင့်ကိုရောက်နေပြီလဲ ဆိုတာလေးကို အားလုံးဝိုင်းစဉ်းစားကြည့်ကြဖို့ လိုမယ်ထင်ပါတယ်။ ဘယ်သူကမှ ဘယ်သူ့ကို အပြီးသတ်ချေမှုန်းပစ်ဖို့မလိုအပ်ဘူးလို့ ကျနော်ယူဆပါတယ်။ ကိုယ့်လူမျိုးကို ချစ်ကြောင်း သေချာစေဖို့ ကျနော်တို့တွေ အခြားလူမျိုးတွေကို မုန်းတီးပြနေဖို့လဲ မလိုပါဘူး။ အခုလောလောဆယ် ရခိုင်မှာဖြစ်နေတဲ့ ပြဿနာတွေကို ကိုင်တွယ်ပုံမှားယွင်းရင်ဖြစ်ဖြစ်၊ ပြဿနာရဲ့ အချိန်ကြာမြင့်လာပြီး အခြားသောဒေသတွေကိုပါ ပြန့်ပွားဆိုးဝါးလာရင်ပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှု(Genocide) ဖြစ်စဉ်တစ်ခုဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် ... မြန်မာနိုင်ငံသား အမြောက်အများသေကြေပျက်စီးခြင်းနဲ့အတူ ကမ္ဘာမှာ မြန်မာနိုင်ငံ သိက္ခာကျပါလိမ့်မယ်။ ကျနော်တို့တွေအားလုံး ဘာပဲလုပ်လုပ် ... ကိုယ့်လုပ်ရပ်တစ်ခုခုဟာ တိုင်းပြည်ကို အန္တရာယ်တစ်ခုခုဆီတွန်းပို့နေတဲ့လုပ်ရပ်မျိုးဖြစ်နေမလား၊ တိုင်းပြည်ကို အန္တရာယ်မကျရောက် အောင် ကာကွယ်တဲ့လုပ်ရပ်မျိုးလားဆိုတာကို မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်နိုင်ကြပါစေ။ ပြီးတော့ ... ကိုယ်ရေးသမျှ၊ ကိုယ်ပြောသမျှ၊ အွန်းလိုင်းပေါ်မှာ ကိုယ်တင်သမျှတွေကိုလည်း တာဝန်ယူတတ်ကြပါစေ။
ကျေးဇူးတင်ပါတယ်။

နေဘုန်းလတ်

Gregory H.Stanton, President, Genocide Watch ရဲ့ 8 Stages Of Genocide ကို ကိုးကားပါသည်။

ဒါကတော့ကျနော်နောက်ဆက်တွဲလေးစဉ်းစားမိတာလေးပါ
ဘာသာတရားအသီးသီးမှာအဆုံးအမတွေရှိပြီးဖြစ်ပါတယ် ဒီအဆုံးအမတွေမလိုက်နာလို့ဒီလိုအဆင်မပြေမှုတွေ
ဖြစ်ပေါ်လာရတယ်လို့ယူဆမိပါတယ်။အဓိက ကတော့ လူတွေရဲ့စိတ်ဓါတ်တွေမပြင်သမျှပြသ်သနာဟာငြီမ်း
နေနိုင်မှာမဟုတ်ပါဘူး ကမ္ဘာအရပ်ရပ်ကပြသ်သနာတွေဟာဘယ်သူတွေကြောင့်ဖြစ်တယ်ဆိုတာတော်တော်
များများကတော့သိနေကြပါပြီ။အန္တိမရည်မှန်းချက်ကိုသွားနေတဲ့သူတွေနဲ့ ငြိမ်းချမ်းစွာနေထိုင်လိုသူတွေရဲ့ကြား
မှာ မတူကွဲပြားတဲ့အယူအဆတွေနဲ့ အမြဲတန်းအဆင်မပြေမှုတွေကတော့တွေ့နေရအုံးမှာပါပဲ။လက်တွေ့ငြိမ်း
ချမ်းအောင်လုပ်နိုင်ဘို့ဆိုတာကတော့အပြောလွယ်သလောက် ရေးတာလွယ်သလောက် လက်တွေ့မှာတော့
အခက်အခဲတွေများစွာရှိနေအုံးမှာပါပဲ ။လူသားတိုင်းလိုလိုမှာငြိမ်းချမ်းစွာနေလိုတဲ့ဆန္ဒတွေရှိနေကြမှာပါ။အတ္တ
ကိုဗဟိုပြုပြီးတကမ္ဘာလုံးငါ့တို့ဆန္ဒအတိုင်းဖြစ်စေရမယ်ဆိုတဲ့အတွေးအခေါ်ရှိနေတဲ့လူနဲစုကိုဘာ့ဖြစ်လို့မထိန်း
နိုင်ကြတာလဲဆိုတာကိုလည်းစဉ်းစားစရာပါပဲ ။တကမ္ဘာလုံးငြိမ်းချမ်းစွာနေထိုင်နိုင်ဘို့ လူသားပီပီသသရပ်တည်
နေထိုင်နိုင်ဘို့ အစွန်းရောက်နေတဲ့သူတွေကိုဘယ်လိုနည်းတွေနဲ့စည်းရုံးကြမှာလဲ နည်းလမ်းတွေကတော့ရှိ
ကောင်းရှိနိုင်ပါလိမ့်မယ်  ဒီလိုလူမျိုးတွေဟာအတ္တကိုဗဟိုပြုပြိးစဉ်းစားနေကြတာဖြစ်လို့တော်ယုံတန်ယုံကိုတော့
အသိအမှတ်ပြုလိမ့်မယ်မထင်ဘူး။ဥပမာ တောင်ကိုရီးယား မြောက်ကိုရီးယားပုံစံမျိုးပေါ့။
လူသားတိုင်းငြိမ်းချမ်းစွာနေထိုင်လိုတဲ့ဆန္ဒရှိပြိးငြိမ်းချမ်းရေးအတွက်တက်စွမ်းနိုင်သမျှ
ကူညီပံ့ပို့နိုင်ကြပါစေလို့တော့ဆန္ဒပြုမိပါရဲ့ အဓိကကတော့ အားလုံးပါဝင်မှုမရှိပဲ
ဘယ်ဟာမှအောင်မြင်မှုအပြည့်အ၀ရရှိကြမှာမဟုတ်တာကတော့အသေအချာပါပဲ။

No comments:

Post a Comment